
သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ
ရဲရင့်/ ၁၂ မတ် ၂ဝ၁ဝ
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ယနေ့ကျရောက်သည့် အသက် (၈၀) နှစ် ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် ဆရာကြီးထောင်မှလွတ်ပြီး ပထမဆုံး ရေးသားထုတ်ဝေသော ဆောင်းပါးများကို စုစည်းထားသည့် ဘာလဲဟဲ့လူ့ငရဲ စာအုပ်ကို ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဘီဗွီ) က ယနေ့ စတင်ထုတ်ဝေဖြန့်ချိလိုက်သည်။
၁၉၈၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နအဖ၏ မတရားဖမ်းဆီး ထောင်ချခံရသည့်ကာလအတွင်း ထောင်တွင်းအတွေ့အကြုံများကို စုစည်းရေးသားထားသည့် စာအုပ်ဖြစ်ပြီး စာရေးသူ၏ အမှာစာ ပါရှိသည်။
ဦးဝင်းတင်က “နှစ် (၅၀) ကျော် မြန်မာ့သမိုင်းမှာ မှေးမှိန်ရုံမက ပျောက်ကွယ်နေခဲ့တယ်လို့ ဆိုရမလောက် အခြေဆိုးစိုက်နေတဲ့ ထောင်ဘ၀စာပေတွေ၊ အကျဉ်းသားဘ၀စာပေတွေ၊ နရသိန်အဖြစ်ဆိုး စာပေတွေရဲ့ ဟင်းလင်းကွက်လပ်မှာ တဆုတ်တဖဲ့ ဖြည့်တင်းချင်တဲ့စိတ်နဲ့ ဒီစာစုကို ကျနော်ရေးပါတယ်” ဟု ပြောသည်။
အမှာစာ၏အဆုံးပိုဒ်တွင် “ရဲဘော်၊ လုပ်ဖော်၊ လူထုလူငယ်အပေါင်းတို့ စစ်အာဏာရှင်စနစ်ဆိုးရဲ့လူ့ငရဲကျိန်စာမှ ကျော်နင်း လွတ်မြောက်နိုင်အောင် တိုက်ပွဲဝင်ကြ၊ စစ်အာဏာရှင်စနစ်ရိုင်းရဲ့လူ့အခွင့်အရေးချိုးဖောက်မှု စက်ကွင်းမှ ကျော်နင်း လွတ်မြောက်အောင် တိုက်ပွဲဝင်ကြ” ဟုလည်း တိုက်တွန်းပြောကြားထားသည်။
စာအုပ်ဖြန့်ချိပွဲသို့ ဗွီဒီယိုဖြင့် ဦးဝင်းတင်ပေးပို့သည့် မွေးနေ့စကားသ၀ဏ်တွင် “ဒီနေ့ ဒီအချိန်ဟာ ဒီမိုကရေစီအင်အားစု တွေအတွက် အမွန်းကျပ်ဆုံး ကာလဖြစ်တယ်။ စစ်အာဏာရှင်တွေက သူတို့ရဲ့အသက်ဆက် ယန္တရားကို စက်ကုန်ဖွင့်ဖို့ မီးကုန်ယမ်းကုန် စိုင်းပြင်းနေပါပြီ။ စစ်အာဏာရှင်တွေက ပြည်သူလူထုကို ကျီးကန်းတောင်းမှောက် လှည့်စားဖြားရောင်းမယ်၊ သေလုမျောပါး ဖိနှပ်ချုပ်ချယ်မှုကို တိုးလို့တိုးလို့သာ စစ်ဖိနပ်နဲ့နင်းတော့မယ်။ ဒီမိုကရေစီအင်အားစုတွေ အားလုံးအတွက်လည်း သူသေကိုယ်ရှင် တုံ့ပြန်ဆန့်ကျင် တိုက်ပွဲဝင်ကြရတော့မယ်။ ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာ လက်နက်သုံးမျိုးသာ ကျနော်တို့မှာ ရှိပါတော့တယ်။ မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်းချက်ပန်းတိုင် တခုတည်း ချမှတ်ရှေးရှုရင်ဆိုင်ချီတက်ရေး လက်နက်ပဲဖြစ်တယ်။ (၈၀) နှစ်ပြည့်မွေးနေ့မှာ ဒီလို သ၀ဏ်စကားပါးခွင့်ရတာ ၀မ်းသာတယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အရေးတော်ပုံအောင်ရမည်” ဟု ပြောကြားသည်။
စာအုပ်ထုတ်ဝေရန် စီစဉ်သည့် ဒီဗွီဘီမှ ကိုအောင်ကြီးက “ထောင်ထဲမှာ (၁၉) နှစ်ကျော် ဒုက္ခခံစားလာရတဲ့ လူတယောက်ရဲ့ ခံစားမှုကို တကမ္ဘာလုံးက သိသွားအောင် သူ့ရဲ့စာအုပ်ထုတ်ချင်တဲ့ ပြင်းပြတဲ့အာသီသကို ကျနော်တို့က ဖြည့်ဆည်းပေးတာပါ။ မြန်မာပြည်မှာ ထုတ်ဖို့ဆိုတာကလည်း မလွယ်ဘူး။ ဒီစာအုပ်ထွက်ရင် သူဘာဖြစ်နိုင်မှာလည်း ကျနော်တို့စဉ်းစားတယ်။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဖြစ်လာမယ့် ပြဿနာအားလုံးကို သူရင်ဆိုင်ဖို့ ဆုံးဖြတ်ပြီးသားလို့ ပြောတဲ့အတွက် ဒီစာအုပ်ကို ထုတ်ဖို့စီစဉ်ရတာပါ” ဟု ပြောသည်။
စာအုပ်ဖြန့်ချိပွဲနှင့်အတူ ဆရာကြီး၏ (၈၀) နှစ်ပြည့် မွေးနေ့ကိုလည်း ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပခဲ့ပြီး (၃၁၈) မျက်နှာပါရှိသည့် ဘာလဲဟဲ့လူ့ငရဲ စာအုပ်ကို ထိုင်းနိုင်ငံတွင် ဘတ် (၂၀၀) ဖြင့် ရောင်းချပြီး ပြည်ပနိုင်ငံတို့မှ အမေရိကန် (၁၅) ဒေါ်လာဖြင့် စာတိုက်သေတ္တာအမှတ် (၉၃) မဲဆောက်၊ တာ့ခ်ခရိုင်၊ ထိုင်းနိုင်ငံ၊ စာပို့သင်္ကေတ (၆၃၁၁၀) နှင့် info@aappb.org တို့တွင် ဆက်သွယ်မှာယူနိုင်သည်ဟု စာအုပ်ဖြန့်ချိသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ တာဝန်ရှိသူတဦးက ပြောသည်။
အခန်းငယ် (၁၀) ခန်းနှင့် ဆောင်းပါးပေါင်း (၄၂) ပုဒ်ပါရှိသည့် အဆိုပါစာအုပ်ကို ၀ယ်ယူဖတ်ရှုသည့် မြန်မာကုန်သည်တဦးက “ဒီစာအုပ်ထဲမှာက လက်ရှိမြန်မာထောင်တွေထဲက ဖိနှိပ်ညှဉ်းပန်းနှိပ်စက်မှုတွေကို ရေးထားတာဖြစ်တော့ အစိုးရကတော့ သူ့ကို အညှိုးအတေးထားပြီး ဒီစာအုပ်နဲ့ပဲ အချိန်မရွေး ထောင်ထဲပြန်ထည့်နိုင်တယ်။ စိတ်မကောင်းစရာတခုကတော့ စစ်ကြောရေးမှာ စစ်ထောက်လှမ်းရေးလက်ချက်နဲ့ သွားတွေအားလုံး ပြောင်သလင်းခါခဲ့တယ်လို့ ဖတ်ရတော့ ဒီအစိုးရဟာ သူတို့အာဏာကို ထိပါးလာမယ်ဆိုရင် ဘယ်လိုလူမျိုးကိုမဆို အပြတ်ရှင်းမှာပဲ။ ကျနော်ကတော့ ဒီစာကိုရေးရဲတဲ့ ဦးဝင်းတင်ရဲ့သတ္တိကို လေးစားတယ်” ဟု ပြောသည်။
အခမ်းအနားတွင် သတင်းစာဆရာကြီး ဦးဝင်းတင်၏ မြန်မာ့ဒီမိုကရေစီရေး စွန့်လွှတ်အနစ်နာခံ ကြိုးပမ်းမှုများကို ဆရာကြီး၏လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းအပါအ၀င် တက်ရောက်လာသူများက အမှတ်တရ ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြသည်
ခေတ်ပြိုင်မှ ကူးယူဖော်ပြသည်။
Read
More...
Summary
only...
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီကျော်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်ဒေသရှိ ရာဘာခြံတွင် အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမားတစ်ဦး အသတ်ခံရသည်။
အသတ်ခံရသူမှာ အသက် ၁၅ နှစ်အရွယ်ရှိ မင်းဗညားဖြစ်ပြီး၊ ထိုင်းလူရမ်းကားတို့က ဟတ်ယိုင်ဒေသ အမ်ဘေနာထဝီ ကော်မော်ရပ်ကွက် ၁၅ တွင် သတ်ဖြတ်ခဲ့သည်။
“၆ နာရီကျော်လောက်မှာ ဆိုင်ကယ်နှစ်စီး ဝင်လာတယ်၊ သူတို့လူ ၄ ယောက်နဲ့ပေါ့၊ ဆိုင်ကယ်ကို တဲရှေ့မှာ ရပ်ပြီးတော့ တဲထဲဝင်လာတယ်၊ အဲဒီအချိန်မှာ ကျမနဲ့ ကျမယောကျာင်္က ထမင်းချက်နေတယ်၊ အသတ်ခံရတဲ့ ခလေးက ရေချိုးနေတယ်၊ သူတို့ တဲထဲရောက်လာတော့ ကျမတို့နှစ်ယောက်ကို ကြိုးနဲ့ဝင်ချည်တယ်၊ ကျမမှာလည်း တစ်နှစ်အရွယ် ခလေးတစ်ယောက် ရှိနေတယ်၊ အဲဒီအချိန်မှာ ခလေးက တဲပေါ်က ပြုတ်ကျသွားတော့ သူတို့က ကျမကို လွှတ်လိုက်တယ်၊ ကျမကလည်း ခလေးကို ကောက်ပြီးတော့ ထွက်ပြေးတယ်” ဟု လွတ်မြောက်သွားသည့် အမျိုးသမီးက ပြောသည်။
ထိုအမျိုးသမီးနှင့် ခလေး ထွက်ပြေးသွားပြီး အနည်းငယ်ဝေးကွာသွားသည့်အခါ ထိုတဲသို့ အလည်လာသည့် ဆိုယ်ကယ်တစ်စီးနှင့် တွေ့သွားပြီး အမျိုးသမီးက ဆိုင်ကယ်နှင့် လိုက်ပါသွားသည်။ ထိုအချိန်မှာ ချည်နှောင်ခံထားရသည့် အမျိုးသားကလည်း ထွက်ပြေးသွားရာ တဲနှင့်အနည်းငယ်ဝေးသွားရာမှ သေနတ်သံကြားလိုက်ရသည်။
“သေနတ်သံကြားတော့ ကိုယ့်တူလေး အပစ်ခံရတယ်ဆိုတာ သေချာသွားပြီ၊ သူတို့လည်း ခလေးကို ပစ်ပြီးတော့ ထွက်သွားတာပဲ၊ ကျနော်တို့ တဲကိုပြန်ရောက်တဲ့အချိန်မှာ ခလေးက သေနေပြီ” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။
ထိုရာဘာခြံအနီးအနားတဝိုက်ရှိ လူများကလည်း သေနတ်သံကြားပြီးနောက် ထိုတဲဆီသို့ ပြေးလာကြရာ သေနတ်ဒဏ်ရာနှင့် သေနေသည့်ခလေးကိုသာ တွေ့ခဲ့ရသည်ဟု ဆိုသည်။
သေဆုံးသွားသည့်ခလေးသည် ထွက်ပြေးလွတ်မြောက်သွားသူတို့၏ တူအရင်းဖြစ်သည်။ ထိုအခင်းဖြစ်ပွားပြီး မကြာမီတွင် ထိုင်းရဲများ ရောက်လာပြီး ခလေး၏အလောင်းကို စစ်ဆေးရန်အတွက် သယ်ယူသွားခဲ့သည်။
ထိုင်းရဲတို့က “အဲဒီလူတွေကို ခင်ဗျားတို့ မှတ်မိလား၊ မှတ်မိရင် ကျနော်တို့ကို ပြောပြပါ၊ ဒီအတိုင်းထားလို့ မရဘူး၊ ဒီအမှုကို ဖော်ထုတ်ရမယ်” ဟု ကာယကံရှင်ကို ပြောသွားခဲ့သည်။
“ယခုလိုအဖြစ်မျိုးအတွက် အရမ်းခံစားရတယ်၊ ထိုင်းမှာ အလုပ်လုပ်ရတာ မကောင်းတော့ဘူး၊ ဒီလိုအဖြစ်မျိုးဟာ ခဏခဏကြားရပေမယ့် ကိုယ့်အနီးအနားမှာ မဟုတ်တော့ သိပ်တော့မခံစားရသလိုပဲ၊ အခုက ကိုယ့်အနားမှာ လာဖြစ်တယ်ဆိုတော့ အရမ်းလည်း ခံစားရတယ်၊ စိတ်လည်း မကောင်းဘူး၊ ကိုယ့်မွန်လူငယ်တွေ အခုလို သေဆုံးရတာ နည်းတာမဟုတ်တော့ဘူး၊ ဖြစ်နိုင်ရင် ကိုယ့်မွန်လူမျိုးတွေ လာကိုမလာစေချင်တော့ဘူး၊ အခုလို မိဘနဲ့ဝေးတဲ့နေရာမှာ အသတ်ခံရတာ၊ ကိုယ်ထိရင် ကိုယ်ခံပဲ၊ ဘယ်သူလည်း လုပ်မပေးနိုင်ဘူး၊ ဒီလိုအဖြစ်အပျက်တွေ ခဏခဏပါပဲ” ဟု အခင်းဖြစ်ပွားရာ အနီးရှိ အလုပ်သမားတစ်ဦးက ပြောသည်။
ထိုခလေးဈာပနအတွက် ရာဘာခြံရှင်သူဌေးမှ ဘတ်ငွေတစ်သောင်း ထောက်ပံ့ပေးပြီး၊ သေဆုံးသွားသော ခလေးမိဘအတွက်လည်း ဘတ်ငွေ ၃ သောင်းပေးခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။
Read
More...
Summary
only...
မြန်မာစစ်အစိုးရသည် အာဆီယံ အဖွဲ့ဝင်များအား လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများအား လည်းကောင်း လွတ်လပ်၍ တရားမျှတမှု ရှိသော ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ပေးမည်ဟု ကတိပေး ပြောဆိုခဲ့ပြီး ဖြစ်သည်။
အာဆီယံ ပါလီမန်တွင်းဆိုင်ရာ မြန်မာသီးသန့်အဖွဲ့ (Asean Inter-Parliamentary Myanmar Caucus-AIPMC) အနေဖြင့် အာဆီယံ ချာတာတွင် လက်မှတ် ရေးထိုးထားသည်နှင့် အညီ အများပြည်သူတို့၏ အခွင့်အရေးကို လေးစားရမည်လည်း ဖြစ်သည်။
မြန်မာအစိုးရက မည်သို့ပင် ဝန်ခံလက်မှတ် ထိုးပြီး ကတိကဝတ်များ ပေးနေစေကာမူ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ကျင့်စဉ်များကို လက်တွေ့ မကျင့်သုံးခြင်း၊ ဒီမိုကရေစီ ဖော်ဆောင်ရေးကို အကောင်အထည်ဖော်မှု မရှိသေးခြင်း စသည့် အချက်များကို AIPMC အနေဖြင့် တွေ့မြင်နေရသည်။
လွန်စွာ ထင်ရှားသော ဥပမာကို ပြပါက ဖေဖော်ဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန်တွင် ဖြစ်ပွားသော အလုပ်သမား ၃၆၀၀ ဆန္ဒပြသည့် ကိစ္စပင် ဖြစ်လိမ့်မည်။ ဆန္ဒပြလုပ်သားများတွင် အမျိုးသမီးထုက အများဆုံး ဖြစ်သည်။ အလုပ်သမားများက အလုပ်ချိန်ကို ခေတ္တ ရပ်ဆိုင်းကာ အလုပ်သမား ရပိုင်ခွင့်များ ရရှိရေး၊ ပိုမို ကောင်းမွန်သည့် လုပ်ငန်းခွင် အခြေအနေတစ်ရပ် ဖန်တီးပေးရေး တို့ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
သို့သော် မြန်မာစစ်အစိုးရ အာဏာပိုင်များ၏ နှိပ်ကွပ်ခြင်းကို ခံရသည့်အတွက် အလုပ်သမားများ၏ ကြိုးပမ်းချက်များ မအောင်မြင်ခဲ့ပေ။ အစိုးရသည် ဆန္ဒပြမှု ဖြစ်ပွားရာ စက်ရုံများအနီးတွင် အဓိကရုဏ်း နှိမ်နင်းရေးကား ၅၀ ကျော်ခန့် ချထားပြီး လမ်းမများပေါ်တွင်လည်း အပိတ်အဆို့၊ အဟန့်အတားများ ပြုလုပ်ထားသည်။ ဆန္ဒပြမှုများ အပြီးသတ် ဆုံးခန်းတိုင် နိုင်ရေးအတွက် အစွမ်းကုန် တင်းကြပ်မှုများ ပြုလုပ်လျက် ရှိသည်ဟု သတင်း ပေးပို့ချက်များအရ သိရသည်။
AIPMC က လှိုင်သာယာ အလုပ်သမားများ ယင်းသို့ အလုပ်သမား အခွင့်အရေးအတွက် ဆန္ဒပြ တိုက်ပွဲဝင်မှုကို ချီးမွမ်း ပြောဆိုပြီး မြန်မာအစိုးရအနေဖြင့် ယင်းဖြစ်ရပ်ကို မည်သို့ ကိုင်တွယ် ဖြေရှင်းသည် ဟူသော အချက်ကို မေးခွန်းထုတ်ထားသည်။
အလုပ်သမားများအား စက်ရုံပိုင်ရှင်များက တစ်လလျှင် ကျပ် နှစ်ထောင်မှငါးထောင်အထိ တိုးမြှင့်ပေးသွားမည်ဟု ညှိနှိုင်းလိုက်ပြီးနောက် ဆန္ဒပြလုပ်သားများသည် အလုပ်ခွင်သို့ ပြန်သွားကြောင်း သိရသည်။ ၎င်းတို့က တစ်လလျှင် ကျပ် ၁၀၀၀၀ စီ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ မည်သို့ဆိုစေကာမူ အချိန်ပို ဆင်းရသည့်အတွက် ထိုက်သင့်သော လုပ်အားခ ပေးရေးနှင့် အများပြည်သူ ရုံးပိတ်ရက်များတွင် ပိတ်ရက် ခံစားခွင့် ရရှိရေး တို့ကိုပါ ဆက်လက် ဖိအားပေး တောင်းဆိုသွားမည်ဟု ဆိုသည်။ အလုပ်သမားများ ဆက်လက် တောင်းဆိုမည့် အရေးကိစ္စများတွင် အဆင့်အတန်း ပြည့်မီသော လုပ်ငန်းခွင် ဖြစ်ပေါ်အောင် ဖန်တီးပေးရေးလည်း ပါဝင်သည်။
AIPMC ကော်မတီ အဖွဲ့ဝင်များက အစိုးရအနေဖြင့် အလုပ်သမားများ၏ ခံစားခွင့်နှင့် အခွင့်အရေးတို့ကို အကာအကွယ် ပေးနိုင်ခြင်းရှိ၊ မရှိဟူသော ကိစ္စကို ဆက်လက် စုံစမ်း သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာစစ်အစိုးရသည် သမိုင်းကြောင်းအရ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အပေါ်တွင် လည်းကောင်း၊ အတိုက်အခံ နိုင်ငံရေးသမားများ အပေါ်တွင်လည်းကောင်း အကြမ်းဖက် နည်းလမ်းသုံး၍ ဖြေရှင်းလေ့ရှိသူ ဖြစ်ရာ ယခု စက်ရုံအလုပ်သမားများ ဆန္ဒပြမှုတွင်လည်း မိမိတို့ အနေဖြင့် ၎င်းတို့၏ လုံခြုံရေး၊ လူမှု ဖူလုံရေး အစရှိသည်တို့အတွက် လွန်စွာ စိုးရိမ်ပူပန်မိသည်ဟု AIPMC က ကြေညာချက် ထုတ်ပြန်သည်။
မြန်မာစစ်အစိုးရအနေဖြင့် အလုပ်သမားများ ဆန္ဒပြမှုအပေါ် အကြမ်းဖက် နှိမ်နင်းမှုများ မကျင့်သုံးရန်နှင့် နိုင်ငံတကာက သတ်မှတ် ပြဋ္ဌာန်ထားသော အလုပ်သမား ဥပဒေ စည်းမျဉ်း စည်းကမ်းများအတိုင်း ကိုင်တွယ် ဖြေရှင်းရန် AIPMC က တိုက်တွန်းထားသည်။
မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် အားလျော်စွာ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်သွားပါမည်ဟု ကတိကဝတ်များ ပြုထားပြီး ဖြစ်သည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံအနေဖြင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအတိုင်း ကိုင်တွယ် ဖြေရှင်းပါသည်ဟူသော အချက်ကို စစ်အစိုးရက ထုတ်ဖော် ပြသရလိမ့်မည် ဖြစ်သည်။
Asian Tribune သတင်းကို ဘာသာ ပြန်ဆိုသည်။
Read
More...
Summary
only...