" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Wednesday, January 6, 2010

မြန်မာဘာသာဖြင့် ရေဒီယိုအသံလွှင့်အစီအစဉ် မဲဆောက်တွင် စတင်
ရဲရင့်/ ၆ ဇန်န၀ါရီ ၂၀၁၀

line

မဲဆောက်မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် မြန်မာဘာသာဖြင့် ပထမဦးဆုံးထုတ်လွှင့်မည့် ရေဒီယိုအသံလွှင့် အစီအစဉ်တင်ဆက်မှုကို ယနေ့စမ်းသပ်ထုတ်လွှင့်ရာ မဲဆောက်နှင့် မြ၀တီရှိ မြန်မာများ အားပေးခဲ့ကြသည်။

ထိုင်းနိုင်ငံအခြေစိုက် MAP FOUNDATION အဖွဲ့၏ တိုင်းရင်းသား အလုပ်သမားကျန်းမာရေးနှင့် ပညာပေးအစီအစဉ်အရ ထုတ်လွင့်မည့် FM-102.50Mhz လှိုင်းတိုထုတ်လွှင့်မှုကို ယနေ့စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပြီး တရားဝင်ထုတ်လွှင့်မှုကို ယခုလ (၁၂) ရက်နေ့တွင် စတင်မည်ဖြစ်သည်။

အဆိုပါအသံလွင့်ဌာန၏ တာဝန်ခံ ကိုမင်းလွင်က “အဓိက အလုပ်သမားတွေအတွက် ဖြစ်တယ်။ ကျန်းမာရေး၊ ပညာရေး၊ ဖျော်ဖြေရေး ကဏ္ဍတွေအပြင် အလုပ်သမားဆိုင်ရာတွေကိုတော့ ထိုင်းအလုပ်သမားရုံးတွေကနေ လာရောက်ဟောပြောမှာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

နေ့စဉ် နံနက် (၈) နာရီမှ ည (၆) နာရီအထိ ထုတ်လွှင့်မှုကို မဲဆောက်မြို့နယ်အပါအ၀င် မြ၀တီမြို့နယ်အတွင်း အသံလိုင်း ကြည်လင်စွာ နားထောင်နိုင်မည်ဖြစ်ပြီး စီးပွားရေးကြော်ငြာများနှင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်မျာကို ထည့်သွင်း ထုတ်လွှင့်မည် မဟုတ်ဟု ၎င်းက ပြောသည်။

မဲဆောက်မြို့လယ်တွင် အခြေစိုက်ပြီး မြို့ကိုဗဟိုပြု၍ (၁၅) ကီလိုမီတာအကွာအဝေးမှ ဖမ်းယူနိုင်သဖြင့် မြန်မာဘက်ခြမ်း မြ၀တီမြို့နယ်အတွင်း အသံကြည်လင်စွာ ဖမ်းယူရရှိနိုင်သည်ဟု ထုတ်လုပ်ရေးမှူးက ပြောသည်။

စမ်းသပ်ထုတ်လွှင့်မှုကို ယနေ့နံနက်၌ စတင်ရာ မြ၀တီမြို့အတွင်းပိုင်းအထိ နားထောင်၍ရကြောင်း မဲဆောက်-မြ၀တီ ပြေးဆွဲသည့် ရွှေမြန်မာယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။

၎င်းက “ဒီလိုင်းက ဒီနေ့မှစကြားတာ။ သီချင်းကောင်းတွေချည်းပဲ လွှင့်တယ်။ တမြို့လုံး ဖမ်းလို့ရတယ်။ အသံလည်းကြည်တယ်။ ကိုယ့်ကားက ရေဒီယိုရှိတော့ နားထောင်လို့ရတယ်။ ခရီးသည်တွေလည်း ကြိုက်တယ်။ မြ၀တီကိုဝင်ရင်တော့ အခြေအနေ ကြည့်ပြီးဖွင့်ရတယ်။ ဟိုမှာက မဲဆောက်နဲ့မတူဘူး” ဟု ပြောသည်။

တီကေအထည်ချုပ်စက်ရုံမှ ကိုအောင်က “ဖျော်ဖြေရေးနဲ့ပညာပေးကို များများလွှင့်ပါ။ ဒီမနက် စမ်းသပ်လွှင့်တဲ့ပုံဆိုရင်တော့ ရှယ်ပဲ။ စက်ရုံတွေမှာ နားထောင်နေကြတာက နေပြည်တော်လိုင်းနဲ့ အခြားမြန်မာ FM လိုင်းတွေများတယ်။ သူတို့လည်း သီချင်းကောင်းတွေ လွှင့်တာများတယ်။ ခက်တာက ဟိုအရေမရအဖတ်မရ တို့အရေးသုံးပါးတွေ၊ နအဖအာဘော်တွေ၊ နိုင်ငံရေးစကားဝိုင်းတွေကို လူတွေက စိတ်ညစ်တယ်။ ကိုယ်က အဲဒါထက် သာအောင်လုပ်ဖို့လိုတယ်။ ဒါမှအများလက်ခံမယ်” ဟု ပြောသည်။

မဲဆောက်ဒေသအတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမား (၂) သိန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောသည်။

ထုတ်လွှင့်မှုကို ယမန်နှစ်ကုန်ပိုင်းက မဲဆောက်မြို့ပြင်တွင် စတင်ရန်စီစဉ်ခဲ့သော်လည်း အသံလွှင့်စက်၏ ဗို့အားကြီးမားမှုကြောင့် အခြေချရာရပ်ကွက်ရှိ ရုပ်သံလိုင်းများ ပြတ်တောက်မှု ဖြစ်ပွားခဲ့သဖြင့် မဲဆောက်မြို့လယ်သို့ ရွှေ့ပြောင်းခဲ့ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် MAP FOUNDATION အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း ရွှေ့ပြောင်းအလုပ်သမားများအတွက် FM ရေဒီယို အသံလွှင့်ဌာနတခုကို ၂ဝဝ၈ ခုနှစ်က စတင်ကာ မြန်မာ၊ ရှမ်း၊ ကရင်ဘာသာများဖြင့် ထုတ်လွှင့်လျက်ရှိသည်။

ခေတ်ပြိုင်မှကူးယူဖော်ပြပါသည်။


0 comments:

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By