" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Wednesday, December 2, 2009

မြန်မာနှင့် မဲခေါင်ဒေသ သတင်းသမားများ ထိုင်းတွင် တွေ့ကြမည်

မြန်မာ နှင့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများမှ စာနယ်ဇင်း သမားများ၏ နှီးနှောဖလှယ်ပွဲ တခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မကြာမီ ရက်ပိုင်းအတွင်း ပြုလုပ်တော့မည် ဖြစ်သည်။

အာရှဒေသအတွင်း စာနယ်ဇင်း သမားတို့၏ ဆွေးနွေးပွဲများစွာ ရှိသော်လည်း ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်မည့် နှီးနှောဖလှယ်ပွဲမှာ မဲခေါင်ဒေသကို အလေးထားမည်ဖြစ်ပြီး မတူခြားနားမှုများ ပါဝင်မည်ဖြစ်ကြောင်း Inter Press Service (IPS) သတင်းဌာန၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စဂျိုဟန်နာဆန်က ပြောသည်။

“မဲခေါင်ဒေသ စာနယ်ဇင်းသမားတွေရဲ့ အမြင်ကို နိုင်ငံတကာ မီဒီယာမှာ မတွေ့နိုင်ဘူး။ ကျမတို့က စာနယ်ဇင်းသမားတွေ အေးအေးဆေးဆေး တွေ့ဆုံပြီး သူတို့နိုင်ငံတွေမှာ ဘာတွေ ကြုံတွေ့နေရသလဲ ဆိုတာတွေကို ပြောဆိုဆွေးနွေးနိုင်မယ့် အနေအထားတခု ဖန်တီးပေးတဲ့သဘောပါ” ဟု နှီးနှောဖလှယ်ပွဲ စီစဉ်သူတဦးဖြစ်သည့် မစ္စဂျိုဟန်နာဆန်က ဧရာဝတီကို ပြောသည်။

မဲခေါင်မြစ်ဝှမ်း နိုင်ငံများ ဖြစ်သည့် မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် တို့မှ စာနယ်ဇင်းသမားများကို Mekong Media Forum (MMF) အမည်ရှိ နှီးနှောဖလှယ်ပွဲတွင် တွေ့ရမည် ဖြစ်သည်။

၎င်းတို့ ကြုံတွေ့နေရသည့် အခြေအနေများကို ဆွေးနွေးကြမည်ဖြစ်ရာ မဲခေါင်ဒေသနိုင်ငံများရှိ အမျိုးသမီးအရေး၊ စာနယ်ဇင်းလောက၊ စီးပွားရေး စသည့် အကြောင်းအရာမျိုးစုံ ပါဝင်မည် ဖြစ်သည်။

ဆွေးနွေးမှုများနှင့်အတူ မှတ်တမ်းရုပ်ရှင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲများ ပါဝင်ရာ နိုင်ငံရေးသရော်မှုများဖြင့် ထင်ရှားသည့် ကာတွန်းဆရာဟန်လေး၏ မကြာသေးမီက ထုတ်ဝေလိုက်သော Defiant Humor, Volume II အမည်ရှိ ကာတွန်းပေါင်းချုပ် စာအုပ်ကိုလည်း မိတ်ဆက် ဖြန့်ချိမည် ဖြစ်သည်။

MMF နှီးနှောဖလှယ်ပွဲတွင် မြန်မာပြည်၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တင်ဆက်ဆွေးနွေးရန် ပြင်ဆင်နေသည်ကိုလည်း တွေ့ရသည်။

နှီးနှောဖလှယ်ပွဲကို IPS သတင်းဌာန၏ အာရှပစိဖိတ်ဒေသဆိုင်ရာရုံးခွဲ နှင့် ဖိလစ်ပိုင် အခြေစိုက် အဖွဲ့တခု ဖြစ်သော Probe Media Foundation တို့က ကမကထပြုကြသည်။ ဤအဖွဲ့များက ၂၀၀၂ ခုနှစ်မှ အစပြု၍ မဲခေါင်မြစ်ဝှမ်းဒေသ စာနယ်ဇင်းသမားများ အတွေ့အကြုံဖလှယ်သည့် အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရသည်။

ယခင်အစီအစဉ်များတွင် ပါဝင်ခဲ့သည့် စာနယ်ဇင်းသမားများကို လာမည့် နှီးနှောဖလှယ်ပွဲတွင်လည်း ပါဝင်ရန် ဖိတ်ခေါ်ထားသည်။

စီစဉ်သူများက မဲခေါင်ဒေသနိုင်ငံများနှင့် ပတ်သက်ပြီး လေ့လာနေသော စာနယ်ဇင်းသမား၊ ပညာရှင်၊ သုတေသီများကိုလည်း MMF နှီးနှောဖလှယ်ပွဲ တက်ရောက်သင့်ကြောင်း တိုက်တွန်းထားသည်။

Read More...

Tuesday, December 1, 2009

မြန်မာအလုပ်သမားများ ယာယီပတ်စပို့ လုပ်ငန်းစဉ်အပေါ် တုန့်ပြန်မှု အထူးနှေးကွေး

Tuesday, 01 December 2009 15:35

ထိုင်းနှင့် မြန်မာအစိုးရတို့ အကောင်အထည်ဖေါ်နေသော ယာယီပတ်စပို့ လုပ်ငန်းစဉ်အပေါ် မြန်မာအလုပ်သမားများ တုန့်ပြန်မှုမှာ နှေးကွေးလွန်းသဖြင့် အထူးစဉ်းစားစရာ အကြောင်းအရာ တစ်ခုဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန နိုင်ငံခြား အလုပ်သမားများရေးရာဌာန မန်နေဂျာ နိုင်ထနစ်နနွိုင်က ပြီးခဲ့သောရက်ပိုင်းက ၀န်ကြီးဌာနအစည်းအဝေးတွင် ပြောကြားလိုက်သည်။

ပြီးခဲ့သော နိုဝင်ဘာ(၂၈)ရက်နေ့ အလုပ်သမား ၀န်ကြီးဌာန အစည်းအဝေး၊ နိုင်ငံခြား အလုပ်သမားများ မူဝါဒရေးရာ သုံးသပ်ဆွေနွေးပွဲတွင် မန်နေဂျာက “ဇူလိုင်လကတည်းက အခုအချိန်ထိ မြန်မာအလုပ်သမား ရှစ်သောင်း ယာယီပတ်စပို့လုပ်ဖို့ ဖေါင်တွေဖြည့်ပြီး လျှောက်ထားခဲ့တယ်။ မြန်မာနိုင်ငံ အစိုးရက သူတို့နိုင်ငံသားအဖြစ် အတည်ပြုပြီးတော့ အကြောင်းပြန်တာက အလုပ်သမား သုံးသောင်း ဆိုတော့ ကျန်တဲ့လူငါးသောင်းက ဘာတွေဖြစ်လို့ အကြောင်းမပြန်တာလဲ၊ လေးလကျော် ငါးလနီးပါး လုပ်လာပြီ နည်းနည်းချင်းစီ လာလုပ်နေကြတာ ဒီနေ့အထိ စုစုပေါင်း (၄၀၀၀)ပဲ လုပ်သေးတယ်။ ၂၀၀၉ ခုနှစ် ကျနော်တို့ဆီမှာ မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမားက (၇၀၀၀၀၀) ရှိတယ်၊ ကျနော်တို့ကတော့ နိုင်ငံသားအဖြစ် စီစစ်လို့ မရတဲ့လူတွေကို ၂၀၁၀ ဖေဖေါ်ဝါရီလကုန်ဆိုရင် ဥပဒေအရ နိုင်ငံအပြင်ဘက်ကို မောင်းထုတ်ရမယ့် သဘောဖြစ်နေတယ်”ဟု သတင်းထောက်များအားပြောသည်။

မြန်မာနိုင်ငံသားများမှ အချက်အလက်များ ဖြည့်စွက်ရာတွင် ပြည့်စုံမှု မရှိခြင်းများ ရှိနေကြောင်း၊ အလုပ်သမားများ၏ ယာယီပတ်စပို့ လုပ်ငန်းစဉ်အတွင်း ထိုင်းနိုင်ငံဖက်မှ အခက်အခဲ မရှိသော်လည်း မြန်မာနိုင်ငံဖက်မှ ဘာကြောင့် အခက်အခဲဖြစ်ပြီး နှောင့်နှေးကြန့်ကြာနေတာကို မိမိတို့စဉ်းစားမရ ဖြစ်နေကြောင်း ရေးသားထားသည်။

နယ်စပ်လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ၊ ကရင်၊ မွန်နှင့် ရိုဟင်ဂျာဟုခေါ်သော လူများ မည်သို့ပင်ဖြစ်စေ နိုင်ငံသားအဖြစ် စီစစ်မရနိုင်သော သူများကို မိမိတို့ အစိုးရအနေဖြင့် တရားမ၀င် နိုင်ငံခြာသား အလုပ်သမားများအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ယမန်နေ့က ထိုင်းဘာသာဖြင့် ထုတ်ဝေသော ဒေးလီးနယူး သတင်းစာတွင် ဖေါ်ပြထားသည်။

Read More...

ထိုင်းလမ်းသရဲများ ၀ိုင်းရိုက်သဖြင့် မြန်မာအလုပ်သမားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

Tuesday, 01 December 2009 11:50

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အစွန်၊ မဟာချိုင်နယ်စပ်၊ စွယ်ဖစိဖစ်အုန်းနွဲ့တွင်ရှိသော တိုင်စင်အထည်ချုပ် စက်ရုံရှေ့တွင် ထိုင်းလမ်းသရဲများက ၀ိုင်းရိုက်သဖြင့် မြန်မာလူငယ် တဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ မြ၀တီမြို့နယ် ရွှေကုက္ကိုရွာနေ ဦးထွန်းကြည်နှင့် ဒေါ်တင်လှတို့၏ ဒုတိယမြောက်သား မောင်စိုးဦး (အသက် ၁၉ နှစ်)ဆိုသူ ဖြစ်သည်။

မောင်စိုးဦးနှင့် ကိုအစောတို့မှာ အလုပ်ရုံမှ အချိန်ပို အလုပ်ဆင်းပြီးနောက် ညရှစ်နာရီခွဲ အချိန်ခန့်တွင် ထမင်းဝယ်စားနေစဉ် အခြားစားပွဲခုံတစ်ခုမှ အသက် (၁၆) နှစ်ဝန်းကျင် ထိုင်းလူငယ်သုံးဦး ထမင်းစားနေသည်ကို မောင်စိုးဦးက စောင်းငဲ့ကြည့်မိသဖြင့် ရိုက်နှက်ခြင်း ဖြစ်နိုင်ကြောင်း အတူအရိုက်ခံရပြီး ကျောတွင် သံတုတ်ဒဏ်ရာရရှိခဲ့သူ ကိုအစောက ပြောပြသည်။

“ကျနော်တို့ ဖယ်ရီကားပေါ်ကဆင်းပြီး ထမင်းဆိုင်မှာ ထမင်းစားကြပါတယ်။ အနားက စားပွဲခုံမှာ ထိုင်းလူငယ် သုံးယောက်က ဆဲဆိုပြီး ခုံကိုထုကြတယ်၊ ဆူညံနေတယ်။ အဲဒါကို မောင်စိုးဦးက နဲနဲစောင်းကြည့်တယ်။ အခြားဘာမှမဖြစ်ပါဘူး။ ကျနော်တို့ ထမင်းစားပြီး ထွက်လာတော့ မီးနဲနဲမှောင်တဲ့အနားက ထွက်ပြီး သံတုတ်နဲ့ ရိုက်တယ်။ မောင်စိုးဦးရဲ့ ခေါင်းဦးဆက်ကို ထိတယ်။ မှောက်ကျသွားတယ်၊ ထမိုင်း ထမိုင်းလို့ အော်ပြီးရိုက်တယ်။ ပြီးတော့ ခြေထောက်ကို ဒရွတ်တိုက်ဆွဲခေါ်သွားပြီး ခေါင်းကို ခဲတွေနဲ့ ထုတယ်။ ကျနော်က အရပ်နဲနဲမြင့်တော့ ကျောကိုထိတယ်။ ကျနော်ထွက်ပြေးတယ်။ အစောင့်ကို သွားခေါ်ပြီး ပြန်လာကြည့်တာ့ မောင်စိုးဦးသေနေပြီ”ဟု ပြောသည်။

မျက်မြင်များ၏ ထွက်ဆိုချက်များနှင့် လမ်းထိပ်ဈေးတွင် တပ်ဆင်ထားသော ဒယ်ဂျစ်တယ် ကယ်မရာတို့မှ ဖေါ်ထုတ်ချက်အရ ရိုက်နှက်သူ ထိုင်းလူငယ်များအား နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

သေဆုံးသူ၏ ၀မ်းကွဲညီအစ်ကိုဖြစ်သူ ကိုအထွေးက “စိုးဦး ထိုင်းကိုလာတာ (၂)နှစ်လောက်ရှိပြီ။ သူက မွေးချင်းငါးယောက်မှာ ဒုတိယမြောက် သားဖြစ်တယ်။ အလုပ်လုပ်ပြီး မိဘတွေကို လုပ်ကျွေနေတဲ့သူပဲ။ ကျနော် သူ့မိဘတွေဆီကို ဖုန်းဆက်လိုက်ပါပြီ။ ကျနော်တို့ရဲ့ မလုံခြုံတဲ့ ဘ၀ကို တွေးပြီး ကြောက်တယ်ဗျာ။ ကိုယ့်တိုင်းပြည်မှာ လုပ်စားစရာမရှိ၊ အဆင်မပြေလို့ ထိုင်းကိုလာပြီး အလုပ် လုပ်ကြတာ၊ ကျနော်တို့ မြန်မာအလုပ်သမားတွေရဲ့ ဘ၀တွေဟာ တကယ့် အကာအကွယ်မဲ့ပါတယ်ဗျာ” ဟုပြောသည်။

အတူတူ အရိုက်ခံခဲ့ရသူ ကိုအစောက “ မတရား ခံရမှန်းသိတယ်။ ဒါပေမယ့် ကျနော်တို့ ဘာမှမလုပ်ရဲဘူး။ နောက်ဒီလိုမျိုး မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ ပုလိပ်ကမေးတော့ ထိုင်းလမ်းသရဲက ဘာပြောလဲဆိုရင် သူ့ကိုကြည့်လို့ ဆုံးမတာတဲ့။ သေအောင် ဆုံးမရသလားဗျာ” ဟု ပြောသည်။

ထိုင်းလူငယ်များ အထူးသဖြင့် သောက်စားတတ်သူများနှင့် တွေ့ဆုံပါက ၄င်းတို့အား မကြည့်ရန်နှင့် အသွားအလာများကို အထူးသတိထား စေလိုကြောင်း၊ မီးလင်းသောနေရာမှ သွားကြစေလိုကြောင်း ကိုအစောက ပြောသည်။

Read More...

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှု စတင်ပြီ

ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကု ဆေးခန်းတွင် မခိုင်ရွှန်းလဲ့ရည် ဆိုသည့် ကျောင်းသူတဦး သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ ပြည်တွင်း သတင်း ဂျာနယ်များက အကျယ်တ၀င့် ရေးသားဖော်ပြပြီးနောက် သက်ဆိုင်ရာ ဆေးခန်းနှင့် အထူးကု ဆရာဝန်ကြီးတို့ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ ဆေးကောင်စီက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု သိရှိရသည်။

မခိုင်ရွှန်းလဲ့ရည် (ဓာတ်ပုံ - လျှပ်တစ်ပြက်ဂျာနယ်)

ယင်းသို့ ပြည်တွင်းသတင်းဂျာနယ်များ၏ သတင်းဖော်ပြမှုကြောင့် ဆေးခန်းနှင့် ဆရာဝန်တို့၏ လုပ်ရပ်သည် တာဝန်မဲ့သည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်လာသည့်အတွက် ထိုသို့ စုံစမ်းစစ်ဆေးမှုများ စတင်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။

“စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီလ၂၆ ရက်နေ့မှာ အထူးအစည်းအဝေးခေါ်ပြီးဖွဲ့တယ်၊ စစ်ဆေးမှုတွေစလုပ်ပြီ”ဟု ၎င်းက ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဆေးပညာဆိုင်ရာအငြိမ်းစားပါမောက္ခ၊ ဌာနမှူးများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဆရာဝန်ကြီး များပါဝင်ကာ စုံစမ်းစစ်ဆေးမှုများကို သီတင်းတပတ် ပြုလုပ်မည်ဟုလည်း သိရှိရသည်။

အကယ်၍ မခိုင်ရွှန်းလဲ့ရည်အမှုတွင် ဆေးကုသမှုမှားယွင်းကြောင်း စစ်ဆေးတွေ့ရှိပါက လူနာကို ကုသပေးခဲ့သော အထူးကု ဆရာဝန်ကြီး၏ ဆေးကုသခွင့်လိုင်စင်အသိမ်းခံရမည် ဖြစ်ပြီး ရွှေဂုံတိုင် အထူးကုဆေးခန်း(SSC)သည် တရားဝင်ဝန်ချတောင်းပန်မှု ပြုလုပ်ကာ လူနာရှင်ကို လျော်ကြေးပေးရဖွယ်ရှိကြောင်း ဆေးကောင်စီ တာဝန်ရှိသူက ဆိုသည်။

“တကယ်ပဲ ဆေးကုသမှု မှားယွင်းတယ်ဆိုရင်တော့ အထူးကုဆရာဝန်(ဆမ)အသိမ်းခံရပြီး ဆေးခန်းကလည်း လူနာရှင်ကို လျော် ကြေး ပေးရတာမျိုး ဖြစ်နိုင်တယ်၊ စုံစမ်းလို့ရတဲ့ရလဒ်အပေါ်မူတည်ပြီး ဘယ်လို အရေးယူမလဲဆိုတာ အစည်းအဝေးခေါ် ဆုံးဖြတ် မယ်”ဟု ၄င်းကပြောသည်။

အဆိုပါ အသက် ၁၅ နှစ်အရွယ် ၉တန်းကျောင်းသူ မခိုင်းရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၀မ်းဗိုက်နာသော ဝေဒနာဖြင့် ရွှေဂုံတိုင်ဆေးခန်းသို့ ရောက်ရှိလာရာ ဆေးခန်းမှ အစာအိမ်နှင့်အူလမ်းကြောင်းခွဲစိတ် အထူးကုဆရာဝန်ကြီးက အူအတက်ရောင်ရောဂါဖြစ်နေသည်ဟုပြောဆိုပြီး ခွဲစိတ်ကုသရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မခိုင်ရွှန်းလဲ့ရည်ဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် အစိုးရ၏ညံ့ဖျင်းသောပြည်သူ့ကျန်းမာရေးစီမံခန့်ခွဲမှုများ ရှိနေသည်ကို မီးမောင်း ထိုးပြသော ဖြစ်စဉ်တခုဖြစ်ကြောင်း၊ မခိုင်ရွှန်းလဲ့ရည်ကဲ့သို့သော ဖြစ်ရပ်မျိုးတွေ့ကြုံခံစားရမှုများ ပုဂ္ဂလိကဆေးရုံများနှင့် အစိုးရ ဆေးရုံများတွင် နှစ်ပေါင်းများစွာကပင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး ယခုမှ ပြည်တွင်းသတင်းဂျာနယ်များ၏ သတင်းဖော်ပြမှုကြောင့် လူအများသိရှိခြင်း ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအခန်းကဏ္ဍတွင် ပိုမိုအရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း အငြိမ်းစား ကျန်းမာရေးဝန်ထမ်းတဦးက ဝေဖန်ပြောဆိုသည်။

ယခုအခါ ပြည်တွင်းရှိ ပုဂ္ဂလိဆေးရုံ၊ဆေးခန်းများ အားလုံး ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဥပဒေအရ တရားဝင် လိုင်စင် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး မခိုင်ရွှန်းလဲ့ရည်ကဲ့သို့သော ဖြစ်စဉ်မျိုးဖြစ်ပွားလာပါက ကုသသည့်ဆေးခန်းနှင့် ဆရာဝန်များကို တရားစွဲဆို၍ ဥပဒေအရ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Read More...

Monday, November 30, 2009

ထိုင်းရေတပ်ကပစ်သဖြင့် မြန်မာစစ်သားများ ဒဏ်ရာရ

ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ စစ်သားများ သောကြာနေ့က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြန်မာ့ တပ်မတော်မှ ဗိုလ်ကြီးတဦးနှင့် တပ်သား လေးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းကော့သောင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် ၂၆၂ မှ စစ်သားများက မြန်မာရေပိုင်နက်အတွင်း ၀င်ရောက်လာသည့် ငါးဖမ်းလှေများကို လိုက်လံ ဖမ်းဆီးစဉ် ထိုင်းရေပိုက်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် နှစ်ဘက် စစ်တပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လိုက်လံ ဖမ်းဆီးသည့် မြန်မာစစ်သားများက စစ်ဝတ်စုံ ၀တ်ဆင်ထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ထိုင်း ငါးဖမ်းသမားများက ၎င်းတို့ကို ပင်လယ်ဓားပြဟု ထင်မှတ်ပြီး ထိုင်းရေတပ်ကို အကြောင်းကြားခဲ့ပြီး နောက်ပိုင်း ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာ စစ်တပ်နှင့် နီးစပ်သူတဦးဖြစ်သည့် မောင်တူးက ဧရာဝတီသို့ ပြောသည်။

ဒဏ်ရာရရှိသူများမှာ ခြေလျင်တပ်ရင်း အမှတ် ၂၆၂ မှ တပ်စုမှူး လွင်မင်းသူ နှင့် တပ်သားများ ဖြစ်ပြီး ယခုအခါ ကော့သောင်းမြို့တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ငါးခိုးဖမ်းသည့် လှေများကို လိုက်လံစစ်ဆေးစဉ် စစ်သားများက ကော့သောင်းမြို့မှ ပုဂ္ဂလိကပိုင် စက်လှေတစီးကို ချောဆွဲသွားခဲ့ကြောင်း၊ စက်လှေတွင် လုပ်ကိုင်သူ လှေသမားတချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ထိုဒေသတွင် နေထိုင်သူ စာနယ်ဇင်းသမားတဦးက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားစဉ် ထိုင်းရေတပ်မှ စစ်သည်အင်အား ၃၀ခန့်ရှိပြီး၊ မြန်မာ့တပ်မတော်ဘက်မှ ၇ဦးခန့်သာ ရှိသည်ဟု ဆိုသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အာဏာပိုင်များက တစုံတရာ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

မြန်မာ့ရေပိုင်နက်သည် တခြားဒေသများထက် ငါးမျိုးစုံ ပိုမို ကျက်စားသဖြင့် ဒေသတွင်း နိုင်ငံများမှ ငါးဖမ်းလှေများက ၀င်ရောက်ပြီး ငါးဖမ်းလေ့ရှိသည်။

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By