" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Sunday, December 27, 2009

ထိုင်းက အလုပ်သမား လေးသိန်းကျော် ခေါ်မည်

ပြည်ပ အလုပ်သမား လေးသိန်းကျော်ကို တရားဝင် နေထိုင် အလုပ်လုပ်ခွင့် ပြုရန် အလုပ်သမား ဝန်ကြီး ဌာနက စီစဉ်နေကြောင်း ထိုင်းနိုင်ငံထုတ် သည်နေရှင်း (The Nation) သတင်းစာ အင်တာနက် စာမျက်နှာတွင် ယနေ့ ရေးသားထားသည်။

ယမန်နေ့က ဘန်ကောက်တွင် ပြုလုပ်သည့် နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲမှု ဆိုင်ရာ အစည်း အဝေးတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“နောက်ထပ် နိုင်ငံခြားသား အလုပ်သမားတွေကို မှတ်ပုံတင်ခွင့် ပြုဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပါတယ်။ ထိုင်းနိုင်ငံသားတွေက ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အအေးခန်း သိုလှောင်ရုံ လုပ်ငန်း တွေမှာ မလုပ်ချင်ကြလို့ ဒီလို ဆုံးဖြတ်လိုက်တာပါ” ဟု အလုပ်သမား ဝန်ကြီး ဌာန၊ အလုပ်အကိုင်ရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် Pichai Ekpithakdamrong က ပြောကြားခဲ့သည်ဟု ဆိုသည်။

အလုပ်သမား ဝန်ကြီး ဌာန၏ အစီအစဉ်သစ်ကို အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက ကြိုဆို လိုက်သည်။

“ ထိုင်းအစိုးရက အခုလို အသိအမှတ်ပြု မှတ်ပုံတင် ထုတ်ပေးမယ် ဆိုတော့ ကောင်းပါတယ်၊ ဒါပေမယ့် လတ်တလောမှာ မြန်မာ အလုပ်သမားတွေကို ဖမ်းဆီးနေတာတွေ၊ နေရပ်ရင်း ပြန်ပို့နေတာတွေ ကိုတော့ ရပ်တန့်ဖို့ လိုအပ်ပါတယ်” ဟု ချင်းမိုင်မြို့ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား ကူညီ စောင့်ရှောက်ရေး အဖွဲ့ (MAP) မှ တာဝန်ခံတဦး ဖြစ်သည့် မစ္စ ဂျက်ကီ ပူးလော့က ပြောသည်။

ထိုင်းနိုင်ငံတွင် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို တို့မှ အလုပ်သမားများ နေထိုင် လုပ်ကိုင်လျက်ရှိသည်။ အများစုမှာ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိပေ။

တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ပြည်ပအလုပ်သမားများအား မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် ပေးသည့် အစီအစဉ်ကို ၁၉၉၂ခုနှစ် တွင် စတင်ခဲ့သည်။

ထိုင်းနိုင်ငံ အနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂သန်းမှ ၄သန်း အထိ ရှိသည်ဟု သိရပြီး အလုပ်သမား အများစုမှာ အလုပ်သမားမှတ်ပုံတင်ဖြင့် တရားဝင် အလုပ်လုပ်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။

ကမ္ဘာ့ စီးပွားရေး အကြပ်အတည်းကြောင့် ထိုင်းနိုင်ငံသား ၂ သန်းခန့် အလုပ် လက်မဲ့ ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်ပမှ အလုပ်သမားများအား မှတ်ပုံတင် ပြုလုပ်ပေးရန် အစီအစဉ် မရှိသေးကြောင်း ယခုနှစ် အစပိုင်းတွင် အလုပ်သမား ဝန်ကြီးဌာနက ကြေညာခဲ့ဖူးသည်။

ဧရာဝတီ

Read More...

မေ့လျော့နေသော အလုပ်သမား ဝန်ကြီးဌာနကို အသက်သွင်းရန် စစ်အစိုးရ ကြိုးစား


ရန်ကုန်။ ။ ရန်ကုန်တွင် စက်ရုံ၊အလုပ်ရုံများ၊ စီးပွားရေး လုပ်ငန်းများမှ အလုပ်သမား ခေါ်ယူရာ၌ အလုပ်သမား ဝန်ကြီးဌာန လက်အောက်ရှိ မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံး မှတဆင့် ခေါ်ယူရတော့မည်။

ယခုလ ဒုတိယပတ်အတွင်း အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင် အသင်း - UMFCCI မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့်အခါ အလုပ်သမား ခေါ်ယူရေး စည်းကမ်းကို ပြောဆိုကာ၊ အလုပ်သမားနှင့် လုပ်ငန်းရှင်အကြား သဘောတူလက်မှတ် ရေးထိုးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အလုပ်သမားလိုရင် သက်ဆိုင်ရာ မြို့နယ် အလုပ်သမားရုံး တွေကတဆင့် ခေါ်ဖို့၊ အလုပ်သမား တယောက် ခန့်ထားပြီဆိုတာနဲ့ သူ့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို အလုပ်သမားရုံးတွေကို ပေးရမယ်။ ပြီးတော့ သူတို့ အသိအမှတ်ပြုစာချုပ် ချုပ်ရမယ် ဆိုတာတွေ ပြောသွားမယ်” ဟု အလုပ်သမားဝန်ကြီးနှင့် တွေ့ဆုံခဲ့သော ရွှေပြည်သာ စက်မှုဇုန်ရှိ စက်ရုံ လုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောဆိုသည်။

မြို့နယ် အလုပ်သမားရုံးများသည် သက်ဆိုင်ရာ မြို့နယ်ရှိ လုပ်ငန်းခွင် အခြေအနေကို ရှောင်တခင် ဝင်စစ်ရန် ဝန်ကြီးဌာနက ညွှန်ကြားထားပြီး ဖြစ်သည်။

ယခု လဆန်းပိုင်းမှ စတင်၍ အလုပ်သမားဝန်ကြီးသည် ရန်ကုန် စက်မှုဇုန်များမှ လုပ်ငန်းရှင်နှင့် အလုပ်သမားများ၊ UMFCCI မှ တာဝန်ရှိသူများ၊ မြို့နယ် အလုပ်သမားရုံးများမှ ဝန်ထမ်းများနှင့် လိုက်လံတွေ့ဆုံခဲ့ပြီး အဆိုပါကိစ္စ အကောင်အထည် ဖော်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“တပ်ချုပ်ကြီး (ဗိုလ်ချုပ်မှူးကြီး) အမိန့်အရ လုပ်တာလို့ ပြောတယ်။ အလုပ်သမား ကိစ္စတွေကို အလုပ်သမားရုံးက မဖြစ်မနေ ပါဝင်ပတ်သက် ရမယ်။ အလုပ်အကိုင် ရရှိရေး၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ပဋိပက္ခ ဖြေရှင်းရေးကို အလုပ်သမားရုံးတွေက လုပ်နိုင်ရမယ်။ မလုပ်နိုင်တဲ့ မြို့နယ်က ဦးစီးအရာရှိကို နယ်ပြောင်းမယ်။ ဒါမှမဟုတ်ရင် အလုပ် ထုတ်ပစ်မယ်ဆိုပြီး ပြောသွားတယ်” ဟု ယခုလ ၁၆ ရက်နေ့က အလုပ်သမားဝန်ကြီးနှင့် တွေ့ဆုံခဲ့သော အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန မြို့နယ် ဦးစီးမှူးတဦးက ပြောသည်။

ယခုလို ဆောင်ရွက်ခြင်းမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသော အလုပ်သမား ဝန်ကြီးဌာန၏ အခန်းကဏ္ဍကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ရန်ကုန်ရှိ မြို့နယ် အလုပ်သမားရုံးတခုမှ ဦးစီးအရာရှိတဦးက ဆိုသည်။

ယခုလို အလုပ်သမားအရေး စည်းကမ်းနှင့်ပတ်သက်၍ နေပြည်တော် အလုပ်သမား ဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းကြည့်ရာ ရုံးဝန်ထမ်းတဦးးက "အဲဒါကလေ သတင်းစာထဲမှာ ပါတယ်။ ကျမတို့က ပြောပိုင်ခွင့် မရှိလို့ပါရှင့်" ဟု မဇ္ဈိမကို ပြောသည်။

လက်တွေ့တွင်မူ အလုပ်သမားရုံးများသို့ ဆက်သွယ်ပြီး အလုပ်အကိုင် ရှာဖွေသူ အလုပ်ရှင် သို့မဟုတ် အလုပ်သမား တဦးမျှ မရှိသေးကြောင်း သိရသည်။

“အလုပ်သမားမှတ်ပုံတင် လုပ်ချင်တယ်ပြောလို့ လုပ်ပေးတာပဲ ရှိတယ်။ ဘယ်အလုပ်သမားကမှ အလုပ်ရှာဖို့ စာရင်း လာပေးထားတာ မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ အလုပ်သမား လိုချင်လို့ဆိုပြီး လာအကြောင်းကြားတာ မရှိဘူး” ဟု အလုပ်သမားရုံး ဦးစီးအရာရှိက ပြောသည်။

အလုပ်အကိုင်ရလိုပါက မြို့နယ် အလုပ်သမားရုံးများတွင် မှတ်ပုံတင် စာရင်းသွင်းနိုင်သည်ကို အလုပ်သမားများ မသိရှိသေးကြောင်း စက်မှုဇုန် အလုပ်သမားအချို့ကို မေးမြန်းကြည့်ချက်အရ သိရသည်။

“ဒီစက်ရုံမှာ အလုပ်လျှောက်တော့ မှတ်ပုံတင်ရယ်၊ ရပ်ကွက်ထောက်ခံစာရယ်၊ အလုပ်သမား မှတ်ပုံတင်ရယ် လိုတယ်ဆိုလို့ မြို့နယ်အလုပ်သမားရုံးမှာ လေဘာကတ်လုပ်ဖူးတယ်။ ဒါလောက်ပဲ သိတယ်။ အလုပ်လိုချင်ရင် အဲဒီမှာသွားရှာလို့ ရတယ်ဆိုတာ ဘယ်သူမှလည်း မပြောဘူး။ ဒီနေ့ အလုပ်သမားတွေ လူကြီးနဲ့ တွေ့ရတယ် ဆိုပြီးသွားမှ အဲဒီလူကြီးက ပြောသွားလို့သိတာ“ ဟု ဝန်ကြီးနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သော ရွှေပြည်သာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတခုမှ အလုပ်သမတဦးက ပြောသည်။

နီမိုးမြင့်

Read More...

Thai pop စက်ရုံအလုပ်သမားများ အလုပ်ပြတ်တောက်နေစဉ်အပြင်ထွက်လုပ်ရာမှ ငွေလိမ်ခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်မှုဘန့်နေ Thai pop စက်ရုံအလုပ်သမားများ စက်ရုံအလုပ်ပြတ်တောက်နေချိန် အပြင်ထွက်ပြီး ကြံခုတ်နေ့စားလိုက်လုပ်ရာ နေ့စားခေါ်သူမှ လုပ်အားခ ကိုမရှင်းပေးဘဲ ထွက်ပြေးသွားကြောင်း နေ့စားခမရသူတယောက်ဖြစ်တဲ့ ကိုအရှည်ကြီးက ယခုလိုပြောသည်

̏ကျွန်တော်တို့က စက်ရုံမှာချည်ပြတ်သွားချိန် အလုပ်မရှိဘူးဗျာ ဒါကြောင့် အလုပ်နားနေချိန်မှာ စားစရိတ်လေးရအောင် ဆိုပြီး အပြင်မှာထွက်အလုပ်လုပ်ဖို့ ကိုစိုးနိုင်ကို ပြောတော့ သူမှာ အလုပ်ရှိတယ် ကြံခုတ်ရမယ်ပေါ့ တနေ့ ၁၀၀ ရမယ် ဆိုပြီး လိုက်လုပ်တာလေ စက်ရုံထဲက ၁၀ ယောက်ကျော် လိုက်လုပ်မယ်ပေါ့ စက်ရုံကထမင်းပေးတယ် ဟင်းမပေးဘူးလေ ဒါကြောင့် အပြင်ကဆိုင်တွေမှာ အကြွေးစာရင်းဖွင့်ပြီး ဟင်းဝယ်သွားရတယ်လေ ၁၀ရက်လောက်ရတော့ သူဌေးက ပိုက်ဆံမပေးသေးဘူးလားမေးတော့ နောက်ထပ် တနေရာပြီးရင် ရှင်းပေးမယ်လို့ပြောတယ်ဗျာ အဲဒီနေရာပြီးတော့ သူပြောတာ စက်ရုံက သူဌေးကို ပိုက်ဆံမပေးသေးဘူးခဏစောင်ပေးပါ ပေးတာနဲ့ သူလာပေးပါ့မယ် ဆိုပြီးခုထိ ပေါ်မလာတော့တာဘဲ ခုတော့ ဟင်းဖိုးလဲမကြေ ပိုက်ဆံလဲ မရ လူတွေလဲ ပင်ပန်း သူကတော့ အားလုံး ငွေတွေယူပြီး ထွက်ပြေးသွားတယ်လေ”

အဆိုပါ Thai pop knitting စက်ရုံမှာ မယ်တောင်မှုဘန့်တွင် တည်ရှိပြီး ၎င်းစက်ရုံအနီး နေထိုင်သူ ကိုစိုးနိုင်မှ လုပ်အားခ ငွေ စုစုပေါင်း ဘတ် ၃၀၀၀၀ ကျော်ကို ယူဆောင်ထွက်ပြေးသွားခြင်းဖြစ်သည်

Thai pop knitting စက်ရုံမှာ ယခု သတင်းထွက်ပေါ်နေချိန်အထိ အလုပ်ပြတ်တောက်နေဆဲဟု သိရှိရပါသည်။

Read More...

ထိုင်းအလုပ်သမားတွေ နှစ်သစ်ကူးမှာ လစာတိုးတော့မယ်

ပြည်နယ် ၇၁ ပြည်နယ်ကအလုပ်သမားတွေအတွက် နေ့တွက်အနိမ့်ဆုံးလုပ်ခတိုးပေး
ဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အနိမ့်ဆုံးလုပ်ခကော် မတီက သဘောတူလိုက်ပြီလို့ သောကြာနေ့က ကော်မတီအတွင်းရေးမှူး Somchai Chumrat က ပြောပါတယ်။ အစည်းအဝေးဆုံး ဖြတ်ချက်တွေ လက်မှတ်ထိုးဖို့အတွက်အလုပ်သမားဝန်ကြီး Paitoon Kaewthong ဆီ အင်္ဂါနေ့မှာ တင်သွင်းပါမယ်။ အလုပ်သမားတွေ အတွက် နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ဇန်န၀ါရီလ ၁ရက်နေ့မှာ အနိမ့်ဆုံးလုပ်ခသစ်ကို စတင်ထုတ်ပေးမှာ ဖြစ်ပါတယ်။

အနိမ့်ဆုံးလုပ်ခသစ်တွေကတော့ ဘန်ကောက်နဲ့ဆွတ်ပရခန်းဒေသမှာ တရက်ကို ၂၀၆ ဘတ်၊ ချင်းမိုင်းမှာ ၁၇၁ ဘတ်၊ ဖူးခက်မှာ ၂၀၄ဘတ်၊ အယုဒ္ဓယမှာ ၁၈၁ ဘတ်၊ ခွန်ခေးန်မှာ ၁၅၇ ဘတ်၊ ရနောင်းမှာ ၁၅၇ ဘတ်နဲ့ ဆာရာဘူရီမှာ ၁၈၄ ဘတ် တို့ဖြစ်ပါတယ်။ မယ်ဟောင်စွန်၊ ဆူခိုထိုင်း၊ ချင်းရိုင်း၊ ပက်ချာဘွန်းနဲ့ဥထိုင်းဌာနီတို့မှာတော့ အနိမ့်ဆုံးလုပ်ခတွေ နဂိုအတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။

Read More...

Saturday, December 26, 2009

တော့ဖေါင်(Top Form) ဘော်လီချုပ် စက်ရုံအလုပ်သမား များမှ အလုပ်သမားခံစားခွင့် အပြည့်ဝရရေး တောင်းဆို


ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တော့ဖေါင်(Top Form) ဘော်လီချုပ်စက်ရုံ အလုပ်သမားများ အလုပ်သမားခံစားခွင့် အပြည့်အဝရရှိရေးအတွက် အလုပ်ရှင်ထံမှ ယနေ့ တောင်းဆိုလိုက်သည်။
အဆိုပါစက်ရုံမှ လုံခြုံရေးတာဝန်ကျ(၄)ဦးမှ မြတ်သက်စိုးနှင့် အဖေါ်နှစ်ဦးဖြစ်သူ ဝင်းအောင်၊ ကုလားလေးတို့ သုံးဦးအား ယခုလ (၁၈)ရက်နေ့ သောကြာနေ့ညက
ရိုက်နှက်ရာမှ စတင်ဖြစ်ပွားခြင်းဖြစ်သည်။
ရိုက်နှက်ခံရသောထိုသုံးဦးတွင် တဦးသည်သေဆုံးသွားကြောင်းနှင့် ထိုအလောင်းအားထုတ်ပေးရန် အလုပ်သမားများမှတောင်းဆိုခဲ့သည်။
၎င်းစက်ရုံမြေပိုင်ရှင်ဖြစ်သူမှ အလုပ်သမားများအား ကိုယ်အလုပ်ကိုသွားလုပ်ရန် မသွားပါက သေနက်ဖြင့်ပစ်မည်ဟုခြိမ်းခြောက်သဖြင့် စက်ရုံအလုပ်သမားများမှ မကြေနပ်၍ စက်ရုံပစ္စည်းအချို့အားဖျက်စီးခဲ့သည်။
စက်ရုံမှတာဝန်ရှိသူများမှ အလုပ်သမားအချို့အား စက်ရုံအလုပ်ခန်းထဲတွင် ပိတ်လှောင်ထားရာ ၁၉ရက်နေ့နေလည်တွင် ဒေသခံအာဏာပိုင်များရောက်လာမှသာ အလုပ်သမားများအပြင်သို့ပြန်လည်ထွက်ခွင့်ရသည်။
အလုပ်သမားများသည် အထက်ပါဖြစ်ရပ်များကြောင့် ၁၉ရက်နေ့နှင့် ၂၀ရက်နေ့များတွင်အလုပ်မဆင်းကြပဲနေခဲ့ကြသည်။
ထို့နောက်၎င်းစက်ရုံမြေပိုင်ရှင်၏ လူယုံဦးကရင်နှင့် ဖိကယော့တို့မှ စက်ရုံမှာ နေခွင့်မပေးတော့ကြောင်း နောက်နေ့နံနက်(၆း၃၀)နာရီတွင် အလုပ်ရှင်နှင့် အလုပ်သမားများပြန်လည်ညှိနှိုင်းမည်ဟုဆိုကာ (၂၀)ရက်နေ့ ည(၇း၀၀)ခန့်တွင် စက်ရုံအလုပ်သမားများအား စက်ရုံမှမောင်းထုတ်ခဲ့သည်။
(၂၁)ရက်နေ့နံနက်(၆း၃၀)နာရီတွင် အလုပ်သမားများနှင့် စက်ရုံတာဝန်ရှိသူများ၊ ဒေသအာဏာပိုင်များသည် စက်ရုံအနီးရှိ ဘုန်းကြီးကျောင်းတွင် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ အလုပ်သမားများဘက်မှ သေဆုံးသွားသူ၏အလောင်းအားထုတ်ပေးရန်နှင့် စက်ရုံရှိပစ္စည်းအချို့ပျက်စီးမှုများအား အရေးမယူရန်တို့ကို တောင်းဆိုခဲ့သည်။
ရဲဘက်မှ တာဝန်ရှိပုဂ္ဂိုလ်များမှ လူမသေကြောင်းနှင့် အရိုက်ခံရသော လူနှစ်ယောက်ကို ကားဖြင့်တင်လာကာပြကြောင်း အလုပ်သမားတဦးမှ အခုလို ပြောပြပါသည်။ “ကျမတို့ကို အရိုက်ခံရပြီး လူသေသွားသည်ကို ဘယ်သူမြင်လဲ မြင်တဲ့လူထွက်ခဲ့လို့ပြောတယ်။ အဲ့ဒါနဲ့ အလုပ်သမား(၄-၅)ယောက်လောက်က သူတို့ မြင်တယ်ဆိုပြီး ရှေ့ထွက်တော့ သူတို့ကားနဲ့တင်လာတဲ့ ကိုမြတ်သက်စိုးနဲ့ကုလားလေး တို့နှစ်ယောက်ကို ဒဏ်ရာတွေနဲ့တွေရတယ်လို့ပြောတယ်။ အလုပ်သမားတွေက အရိုက်ခံရတာနှစ်ယောက်မဟုတ်ဘူး(၃)ယောက်ဖြစ်ကြောင်း တယောက်တပေါက်ပြောနေ ကြတာပေါ့နော်။ အဲ့ဒီမှာ သေတာမဟုတ်ပဲနဲ့သေတယ်လို့မပြောဖို့ ရဲအရာရှိက ပြောတယ်။ ပြီးတော့အလုပ်သမားတွေအနေနဲ့ ဘာဖြစ်ချင်သလဲ ကိုယ်စားလှယ်ရွေးပြီး သူတို့နဲ့ဆွေးနွေးဖို့ ပြောတာပေါ့နော်။
အလုပ်သမားများမှ အောက်ပါအချက်(၈)ချက်ကို စက်ရုံတာဝန်ရှိသူများထံ တောင်းဆိုခြင်းဖြစ်သည်။ တောင်းဆိုထားခြင်းနှင့်ပါတ်သတ်ပြီး အလုပ် သမားကိုယ်စားလှယ်တဦးက “တနင်္ဂနွေနေ့အချိန်ပို မဆင်းခိုင်းဖို့ အလုပ်ဆင်းရပါက (၃)ဆပေးဖို့၊ အစိုးရရုံးပိတ်ရက်များတွင် အလုပ်ပိတ်ပေးဖို့ အလုပ်ဆင်းရပါက (၃)ဆပေး ဖို့ အလုပ်သမားများအား ညှဉ်းပန်းနှိပ်စက်ခြင်းမပြုဖို့၊ အလုပ်သမားများအား အချိန်ပို ခေါ်ပါက အချိန်ပိုခေါ်ထားချိန်ထက်ပိုမဆင်းခိုင်းဖို့၊ အလုပ်သမားများကို အလုပ်သမား လက်မှတ်အစစ်အားပေးဖို့၊ စက်ရုံပစ္စည်းအချို့အားဖျက်စီးခဲ့မှုအား အရေးမယူဖို့၊ ရေ မီး မွေ့ယာ ကုတင်လုံလောက်စွာပေးဖို့နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နှင့် နားနေခွင့် ပေးဖို့၊ ငွေကြေးဖြတ်တောက်မှုများ လျော့ချပေးပြီး လစာကိုတိုးမြှင့်ပေးဖို့ဒါတွေကိုပေးဖို့ ကျမတို့အလုပ်သမားတွေဘက်ကတောင်းဆိုထားတာ”ဟု ပြောသည်။
အဆိုပါစက်ရုံအား ကြီးကြပ်နေသူမှာ မစ္စတာမိုက်ကယ်ဆိုသူဖြစ်ပြီး ၄င်းစက်ရုံတွင်အလုပ်သမား (၃၀၀၀)ကျော်အလုပ်လုပ်ကိုင်လျက်ရှိသည်။ ၄င်းစက်ရုံသည် ထိုင်းနိုင်ငံ အယုဒ္ဓရတွင်တရုံရှိပြီး နိုင်ငံအနှံတွင် စုစုပေါင်းရုံခွဲ(၈)ရုံရှိကြောင်း သိရသည်။

Read More...


တော့ဖေါင်(Top From) ဘော်လီချုပ်စက်ရုံအလုပ်သမားများမှ အလုပ်သမားခံစားခွင့် အပြည့် ဝရရေး တောင်းဆို

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တော့ဖေါင်(Top From) ဘော်လီချုပ် စက်ရုံ အလုပ် သမား များ အလုပ်သမားခံစားခွင့်အပြည့်အဝရရှိရေးအတွက် အလုပ်ရှင် ထံမှ ယနေ့ တောင်းဆို လိုက်သည်။

အဆိုပါစက်ရုံမှ လုံခြုံရေးတာဝန်ကျ ( ၄ )ဦးမှ မြတ်သက်စိုးနှင့် အဖေါ်နှစ်ဦး ဖြစ်သူ ဝင်းအောင်၊ ကုလားလေးတို့သုံးဦးအား ယခုလ(၁၈)ရက်နေ့သောကြာနေ့ည က ရိုက်နှက်ရာမှ စတင် ဖြစ်ပွား ခြင်း ဖြစ်သည်။

စက်ရုံအလုပ်သမားများကမရိုက်နှက်ရန်ပြောဆိုတားဆီးရာ၎င်းစက်ရုံမြေပိုင်ရှင် ဖြစ်သူမှ အလုပ် သမား များအား သေနက်ပြခြိမ်းခြောက်သဖြင့် စက်ရုံအလုပ်သမား များမှ မကြေနပ်၍ စက်ရုံပစ္စည်း အချို့အားဖျက်စီးခဲ့သည်။

စက်ရုံမှတာဝန်ရှိသူများမှ အလုပ်သမားများအား စက်ရုံအလုပ်ခန်းထဲတွင် ပိတ်လှောင်ထားရာ ၁၉ရက်နေ့ နေလည်တွင် ဒေသခံအာဏာပိုင်များရောက်လာမှ သာအလုပ်သမားများ အပြင်သို့ ပြန်လည်ထွက်ခွင့်ရသည်။ ထို့နောက် ၄င်းစက်ရုံမှ လိုင်းဝဏ္ဏဖြစ်သူမှ စက်ရုံမှာနေခွင့်မပေးတော့ကြောင်း နောက်နေ့နံနက်(၆း၃၀)နာရီ တွင် အလုပ်ရှင်နှင့်အလုပ်သမားများပြန်လည်ညှိနှိုင်းမည်ဟုဆိုကာ အဆိုပါအလုပ် သမားများအား စက်ရုံမှမောင်းထုတ်ခဲ့သည်။

ထို့ကြောင့်ယနေ့နံနက်(၆း၃၀)နာရီ အလုပ်သမားများမှ အချက်(၈)ချက်ကို စက်ရုံတာဝန်ရှိ သူများထံ တောင်းဆိုခြင်းဖြစ်သည်။ တောင်းဆိုထားချက်များနှင့် ပါတ်သတ်ပြီး အလုပ်သမား ကိုယ်စား လှယ်တဦးက “တနင်္ဂနွေနေ့အချိန်ပို မဆင်းခိုင်း ဖို့ အလုပ်ဆင်းရပါက (၃)ဆပေးဖို့၊ အစိုးရရုံးပိတ် ရက်များတွင် အလုပ်ပိတ်ပေးဖို့ အလုပ်ဆင်းရပါက (၃)ဆပေးဖို့ အလုပ်သမားများအား ညှဉ်းပန်း နှိပ်စက်ခြင်းမပြုဖို့၊ အလုပ်သမားများအား အချိန်ပိုခေါ်ပါက အချိန်ပိုခေါ်ထားချိန်ထက်ပိုမဆင်းခိုင်းဖို့၊ အလုပ်သမားများကို အလုပ်သမားလက်မှတ်အစစ်အာပေးဖို့၊ စက်ရုံပစ္စည်းအချို့အား ဖျက်စီးခဲ့မှုအား အရေးမယူဖို့၊ ရေ မီး မွေ့ယာ ကုတင်လုံလောက်စွာပေးဖို့နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နှင့် နားနေခွင့်ပေးဖို့၊ ငွေကြေးဖြတ်တောက်မှုများ လျော့ချပေးပြီး လစာကိုတိုးမြှင့်ပေးဖို့ ဒါတွေကို ပေးဖို့ကျမတို့အလုပ်သမားတွေဘက် က တောင်းဆိုထားတာ”ဟု ပြောသည်။

အဆိုပါစက်ရုံအား အမေရိကန်နိုင်ငံသား မစ္စတာမိုက်ကယ်မှပိုင်ဆိုင်ခြင်း ဖြစ်ပြီး ၄င်းစက်ရုံတွင် အလုပ်သမား (၃၀၀၀)ကျော်အလုပ်လုပ်ကိုင်လျက်ရှိသည်။ ၄င်းစက်ရုံသည်ထိုင်းနိုင်ငံ အယုဒ္ဓရတွင် တရုံရှိပြီး နိုင်ငံအနှံ့တွင် စုစုပေါင်းရုံခွဲ (၈)ရုံရှိသည်။

Read More...

Friday, December 11, 2009

အာဏာရှင် အစိုးရများကို အိုဘားမား သတိပေး


နိုင်ငံသားများ၏ အခွင့်အရေးကို ချိုးဖောက်သည့် ဖိနှိပ်ချုပ်ချယ်သော စစ်အာဏာရှင်များ အနေဖြင့် နောက်ဆက်တွဲ အကျိုးဆက်ကို ခံစားရမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ယမန်နေ့တွင် ပြောကြား လိုက်သည်။

ဒီဇင်ဘာ ၁ဝ ရက်နေ့က နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ဖယောင်းတိုင်မီးထွန်းပြီး လှည့်လည် ဆုတောင်းသူများက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ သမ္မတ အိုဘားမား တည်းခိုရာ ဟိုတယ်သို့ ချီတက်သွားကြသည် (ဓာတ်ပုံ - Reuters)

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ပေးအပ်သော နိုဗဲလ် ငြိမ်းချမ်းရေးဆုကို လက်ခံရယူပြီး ပြောကြားခဲ့သော မိန့်ခွန်းတွင် အိုဘားမားက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

လူ့အခွင့် အရေးကို စနစ်တကျ ချိုးဖောက် နေသည့် တိုင်းပြည်များတွင် မြန်မာ နိုင်ငံသည် တနိုင်ငံ အပါအ၀င် ဖြစ်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် ဒေါ်အောင်ဆန်း စုကြည်၏ ယုံကြည်ချက် ကိုလည်း အိုဘားမားက ချီးကျူး ပြောဆိုသည်။

“ဒါဖာမှာ လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိတယ်၊ ကွန်ဂိုမှာလည်း စနစ်တကျ ဖျက်လို ဖျက်ဆီး လုပ်နေတာတွေ ရှိသလို မြန်မာ မှာလည်း ဖိနှိပ်မှုတွေ ရှိပါတယ်၊ အဲဒီအတွက် နောက်ဆက်တွဲ ရလာဒ် တွေရှိမှာပါ၊ သံတမန်ရေးနဲ့ စေ့စပ် ဆွေးနွေးမှုတွေ ရှိသလို မအောင်မြင် ရင်လည်း နောက်ဆက်တွဲ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ” ဟု အိုဘားမားက ပြောသည်။

နျူကလီးယား စွမ်းအင်ကို သတ်မှတ် ထားသည်ထက် ပိုမို စမ်းသပ် ဆောင်ရွက် နေသည့် အီရန်၊ မြောက်ကို ရီးယားနှင့် နိုင်ငံသားများ အပေါ်တွင် နှိပ်စက် ညှဉ်းပန်း မှုများ ပြုလုပ်နေသည့် ဒါဖာနှင့် မြန်မာ နိုင်ငံတို့ အပေါ် တွင် နိုင်ငံတကာ အသိုင်းအ၀န်းက အဓိပ္ပာယ်ရှိသော အရေးယူ ဆောင်ရွက် ချက်များကို ချမှတ်ရန် လိုကြောင်း ၎င်းက ဆိုသည်။

“ဒေါ်အောင်ဆန်း စုကြည်လိုပဲ အီရန်ရဲ့ လမ်းမပေါ်ကိုထွက်ပြီး တိတ်ဆိတ်စွာ ချီတက်ခဲ့ကြတဲ့ ထောင်ပေါင်း များစွာသော ပြည်သူတွေ၊ အရိုက်ခံရပေမယ့် ရဲရင့်စွာ မဲပေးခဲ့ကြတဲ့ ဇင်ဘာဘွေ ပြည်သူတွေလို ငြိမ်သက် ပြီးတော့ သိက္ခာရှိတဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေရဲ့ ပေးဆပ်မှုတွေကို ကျနော်တို့ လေးစား ဂုဏ်ပြု ပါတယ်၊ အစိုးရ ခေါင်းဆောင်တွေက ပြည်သူတွေရဲ့ နိုးကြားမှုကို အခြားတိုင်းပြည်များ၏ အင်အား တောင့်တင်းမှု ထက် ပိုမိုကြောက်ရွံ့ကြတယ်ဆိုတာကို ဖော်ပြနေတာပါ”ဟု အိုဘားမားက ပြောသည်။

နိုဗဲလ်ဆုရွေးချယ်ရေး ကော်မတီက အိုဘားမားကို ငြိမ်းချမ်းရေး နိုဗဲလ်ဆု ချီးမြှင့် လိုက်ကြောင်း အောက်တို ဘာလ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

တချိန်တည်းမှာပင် နိုင်ငံတကာ လူ့အခွင့်အရေးနေ့အတွက် အမေရိကန် အမျိုးသားလုံခြုံရေး အဖွဲ့မှ ထုတ်ပြန် သည့် ထုတ်ပြန်ချက်တွင် ယင်းအဖွဲ့၏ အကြံပေးအရာရှိ James Jonesက အိုဘားမား အစိုးရ အနေဖြင့် မြန်မာ နှင့် အီရန်နိုင်ငံတို့တွင် ကျူးလွန်နေသော ဖိနှိပ်မှုများကို အာရုံစိုက် စောင့်ကြည့်နေကြောင်း ဆိုသည်။

ဒီဇင်ဘာ ၁ဝ ရက်နေ့က နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ပြုလုပ်သည့် နိုဗဲလ်ငြိမ်းချမ်းရေးဆု ပေးအပ်သည့် အခမ်းအနားတွင် အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောနေပုံ (ဓာတ်ပုံ - Reuters)

အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosiက အကျယ်ချုပ်ကျခံနေဆဲ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒါဖာတွင် အစုလိုက်အပြုံလိုက် လူသတ်မှုများကို ကိုးကား၍ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဆောင်ရွက်ရန် အမေရိကန်၏ ဦးဆောင်မှုကို ကမ္ဘာတ၀န်းလုံးက လိုအပ်ကြောင်း ပြောသည်။

ထို့အပြင် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသော အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်ကလည်း အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သော်လည်း ဒီမို ကရေစီရေး ပြောင်းလဲမှုနှင့်ပတ်သက်၍ တိုးတက်မှု တစုံတရာ မရှိကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရည်ညွှန်း၍ မစ္စတာ စကော့မာရှယ်က“ဆုံးဖြတ်ချက်တွေကို တယောက်တည်း ကနေ ချမှတ် နေတာက ပြဿနာပါ၊ အဲဒီ ပုဂ္ဂိုလ်က မြင်သာတဲ့ ပွင့်လင်းမှုကို အခုထက်ထိ မပြသေးဘူး၊ တိုးတက်မှု တစုံတရာ မရှိသေးရင် နှစ်ဦး နှစ်ဘက် ထပ်မံစကားပြောဖို့ ခက်လိမ့်မယ်၊ အခုချိန်ထိတော့ အဲဒီ အခြေအနေ မရောက်သေးပါဘူး၊ ကျနော်တို့ ခရီးစဉ်က တစုံတရာ တိုးတက်ပြောင်းလဲအောင် မလုပ်နိုင်ပါ ဘူး” ဟု ဆိုသည်။

နိုဝင်ဘာလက အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်၊ အခြားအရာရှိ ၂ ဦးတို့နှင့် အတူ မစ္စတာ စကော့မာရှယ်သည် မြန်မာပြည်သို့ သွားရောက်ခဲ့သည်။

Read More...

A(H1N1) တုပ်ကွေးကြောင့် တရုတ်-မြန်မာနယ်စပ် ကျောင်းများ ပိတ်လိုက်ရပြီ

မျိုးကြီး
သောကြာနေ့၊ ဒီဇင်ဘာလ 11 ရက် 2009 ခုနှစ် 20 နာရီ 27 မိနစ်


ရွှေလီ (မဇ္ဈိမ) ။ ။ တရုတ်နိုင်ငံတဝှန်း A (H1N1) တုတ်ကွေး ဖြစ်ပွားနေစဉ် မြန်မာနိုင်ငံသား သောင်းချီ၍ နေထိုင်သော ရှမ်းပြည်မြောက်ပိုင်း မူဆယ် တဖက်ကမ်းရှိ တရုတ်နယ်စပ်မြို့ ရွှေလီတွင် ကျောင်းအားလုံးကို ယနေ့ ပိတ်လိုက်သည်။

မူကြို အပါအဝင် ကျောင်းများတွင် ဖျားနာသူ ကျောင်းသားဦးရေ တိုးပွားလာသဖြင့် ကျောင်းအားလုံးကို ယနေ့မှစတင်၍ ၁၀ ရက်ကြာ ပိတ်လိုက်ကြောင်း ကျောင်းအာဏာပိုင်များက မိဘများကို ခေါ်ယူ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျောင်းက မိဘတွေကို ဒီနေ့ အစည်းအဝေး ခေါ်တယ်။ ကျောင်းကို ၁၀ ရက် ပိတ်လိုက်တယ်။ ကလေးတွေကို လူသိပ်များတဲ့ နေရာတွေ မသွားဖို့ ပြောတယ်” ဟု တရုတ် ကျောင်းသားတဦး၏ မိခင်က မဇ္ဈိမကို ပြောသည်။

ယခုတပတ်အတွင်း ရွှေလီမြို့ အမှတ် ၁ အလယ်တန်းကျောင်းရှိ စာသင်ခန်းတခန်းတွင် ဖျားနာသူ ကျောင်းသား ၃၀ ဦးကို တွေ့ရှိပြီးနောက် အဆိုပါ ကျောင်းကို စတင်၍ ပိတ်ခဲ့သည်။

ယခုအခါ ဖျားနာနေသည့် ကလေးများနှင့် ကျောင်းသားများကို ပြင်ပ ဆေးခန်းများက ကုသမပေးဘဲ မြို့နယ် ဆေးရုံကြီးတွင် သွေးဖောက် စစ်ဆေးပြီး၊ A (H1N1) ပိုး မတွေ့ရှိမှသာ ကုသပေးကြောင်း ဆေးရုံသို့ သွားခဲ့သည့် အခြား ကျောင်းသားမိဘတဦးက မဇ္ဈိမကို ပြောသည်။

“သူတို့ အပြင်ဆေးခန်းတွေကိုလည်း ညွှန်ကြားထားတယ်လို့ ဆရာမတွေက ပြောတယ်။ ဆေးရုံကြီးမှာ သွေးသွားစစ်ရမယ်။ တုပ်ကွေးပိုး မတွေ့မှ သူတို့ဆီမှာ ဆေးလာထိုးလှည့်လို့ အဲလိုပြောတော့ ဆေးရုံကြီးကို သွားတယ်။ ကလေးလူနာတွေ သွေးစစ်နေတာ မနည်းဘူး။ ပုလင်းကြီး ချိတ်ထားတဲ့ ကလေးတွေလည်း ဟောခန်းထဲမှာ အများကြီးပဲ” ဟု သူက ပြောသည်။

ယခင်က နှာခေါင်းစွပ် တပ်ဆင်၍ ကျောင်းတက်ခဲ့ကြရပြီး၊ ယခုတပတ်အတွင်း ဖျားနာခဲ့သည့် ကျောင်းသားများကို ဆေးဝန်ထမ်းများက နေအိမ်များသို့ လိုက်လံ၍ သွေးစစ်ဆေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO ခေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ခေါ်ဝေါ်သော A (H1N1) ရောဂါပိုးကို တရုတ်နိုင်ငံ၌ လူဦးရေ တသိန်းကျော်တွင် တွေ့ရှိခဲ့ပြီး၊ ၎င်းတို့အနက် ၃၂၆ ဦးမှာ အသက်ဆုံးရှုံးခဲ့ကြောင်း တရုတ်ကျန်းမာရေး ဝန်ကြီးဌာနက စာရင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ယူနန်ပြည်နယ် တယ်ဟုန်တိုင်းတွင် ရောဂါပိုးတွေ့ရှိသူ မည်မျှရှိသည်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါ။ သို့သော် တယ်ဟုန်တိုင်းတွင် A (H1N1) ပိုးတွေ့ရှိသူ ဦးရေ ၁၀၀၀ ကျော်ခန့်ရှိပြီး ၃ ဦးမှာ အခြေအနေ ဆိုးရွားသဖြင့် ယူနန်ပြည်နယ်မြို့တော် ကူမင်းနှင့် တယ်ဟုန်မြို့တော် မန်စီမြို့သို့ သွားရောက်၍ ဆေးကုသနေကြောင်း ဒေသခံများအကြား ပြောဆိုခန့်မှန်းနေကြပြီဖြစ်သည်။

ရွှေလီနှင့် ကပ်လျက် တည်ရှိသည့် မူဆယ်မြို့တွင်လည်း နှာစေးချောင်းဆိုးနှင့် အအေးမိ ဖျားနာသည့် ကလေးများ များပြားနေကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ယခုနှစ်တွင် တရုတ်နယ်စပ်၌ ရာသီဥတု ပိုမိုအေးချမ်းသဖြင့် ကလေးများသာမက လူကြီးများလည်း ဖျားနာသည့် ဝေဒနာ ခံစားနေရကာ A (H1N1) ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစီးများဖြင့် သွားလာနေသည်။


Read More...

ရွှေ့ပြောင်းလုပ်သား ကလေးများကို ထိုင်းက နေထိုင်ခွင့် လက်မှတ် ထုတ်ပေးမည်

ကျော်ခ
သောကြာနေ့၊ ဒီဇင်ဘာလ 11 ရက် 2009 ခုနှစ် 19 နာရီ 09 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ၏ ကလေးသူငယ်များကို ထိုင်းအစိုးရက တရားဝင် နေထိုင်ခွင့်လက်မှတ် ထုတ်ပေးရန် စီစဉ်နေပြီ ဖြစ်သည်။

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများ၏ အသက် ၅ နှစ်မှ ၁၅ နှစ်ကြား သားသမီးများကို နေထိုင်ခွင့်လက်မှတ် ထုတ်ပေးရေးအတွက် သတ်မှတ်ထားသည့် မြို့တော်ဝန်ရုံး သို့မဟုတ် စည်ပင်ရုံးတွင် ပြီးခဲ့သည့်လ တတိယပတ်မှစ၍ ယခုလ ၁၈ ရက်နေ့အထိ နောက်ဆုံးထားကာ လျှောက်လွှာတင်ခိုင်းနေခြင်း ဖြစ်သည်။

“အခု ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အပြီးသတ် ဖောင်တင်ရမယ်။ အချက်အလက် မပြည့်စုံသေးတဲ့ သူတွေကို ၂၈ ရက်နေ့ထိ ဆက်လုပ်ပေးမယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ လက်အောက်ရှိ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ ဌာနတာဝန်ခံ ကိုသက်ခိုင်က မဇ္ဈိမကို ပြောပြသည်။ လာမည့်လ ၂ ရက်နေ့တွင် စတင်၍ လက်မှတ်ထုတ်ပေးမည်ဟု သိရကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့်လ ၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ထိုင်းအစိုးရ ဝန်ကြီးများ အစည်းအဝေးက နေထိုင်ခွင့်လက်မှတ် ထုတ်ပေးရေးအတွက် ဆုံးဖြတ်ခဲ့ပြီးနောက် လျှောက်လွှာတင်သွင်းရမည့် အစီအစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

နေထိုင်ခွင့် လက်မှတ် လျှောက်ထားနိုင်သည့် ကလေးများသည် ၂၀၀၉ ခုနှစ် ဇူလိုင်လ မတိုင်ခင် ထိုင်းနိုင်ငံထဲသို့ ရောက်ရှိလာသူများနှင့် ထိုင်းနိုင်ငံတွင် မွေးဖွားသူများသာ ဖြစ်ရမည်။ ထို့ပြင် ကလေး၏ မိဘတွင် ထိုင်းနိုင်ငံ၌ နေထိုင်ခွင့်ကတ် ရှိရမည်ဖြစ်ပြီး၊ ကလေးသည် မိဘနှင့်အတူ တမြို့ထဲတွင် နေထိုင်သူဖြစ်ကာ၊ အလုပ်ရှင်၏ အာမခံချက်လည်း ပါရှိရမည်။

ကလေး၏ မွေးနေ့၊ ဇာတိ၊ နေရပ်လိပ်စာများကို လျှောက်လွှာပုံစံ စာရွက်တွင် ဖြည့်စွက်ကာ ၂ လက်မပတ်လည် ကလေးဓာတ်ပုံကိုပါ ပေးသွင်းရကြောင်းနှင့် လျှောက်ထားသည့်အခါ နေထိုင်ခွင့်စာရွက် (ထောရော ၃၈/၁) ကို ထုတ်ပေးလိုက်ကြောင်း ထိုင်းနိုင်ငံ ဘန့်ခူးထိရန်းမြို့နယ်မှ မြန်မာကျဘန်းလုပ်သား ကိုတင်ဦးက မဇ္ဈိမကို ပြောသည်။

“သူတို့က အဖေ၊ အမေ ကတ်ပြားတောင်းတယ်။ နောက်ပြီးတော့ ထော်သော် ၁ လို့ခေါ်တဲ့ ခလေးရဲ့ ကိုယ်ရေးမှတ်တမ်းပုံစံ ဖောင်ဖြည့်ရတာပေါ့။ ထိုင်းလိုတတ်တဲ့ ကလေးကျတော့ ထိုင်းလိုရေးပေါ့။ မရေးတတ်ရင် ပါးစပ်ကပြော၊ သူတို့ လိုက်ရေးပေးတယ်” ဟု သူက ပြောသည်။

လျှောက်ထားချိန်တွင် ထိုင်းဘတ်ငွေ ၂၀ နှင့် လက်မှတ်ထုတ်ယူချိန်တွင် ဘတ် ၆၀ ပေးဆောင်ရမည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လထဲတွင် ဘန်ကောက်နှင့် မဲဆောက်မြို့ရှိ ထိုင်းနိုင်ငံ ပညာရေးဌာန တာဝန်ရှိသူများက မဲဆောက်ရှိ ရွှေ့ပြောင်းစာသင်ကျောင်းများမှ ကျောင်းအုပ်များကို ခေါ်ယူ၍ ကလေးများ၏ တရားဝင် နေထိုင်နိုင်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သေးသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံသား ကလေးငယ်များကဲ့သို့ ဂဏန်း ၁၃ လုံး ပါရှိသည့် နေထိုင်ခွင့် အာမခံစာရွက်များ ထုတ်ပေးရန် သဘောတူခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ - BMWEC မှ ဥက္ကဋ္ဌ ဆရာမ နော်ဖောရေက မဇ္ဈိမကို ပြောသည်။

“ကျမအနေနဲ့ပြောရရင် လက်မှတ်လုပ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရဲ့ Migrant (ရွှေ့ပြောင်း) ကလေးတွေရဲ့ ပညာရေး ရှေ့ရေး၊ အနာဂတ်အတွက် မျှော်လင့်ချက်ကို မှန်းပြီးတော့ လုပ်သင့်တယ်လို့ ပြောချင်တယ်” ဟု သူက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များ လုံခြုံရေးအတွက် တရားဝင် နေထိုင်ခွင့် ပြုလုပ်သင့်ကြောင်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ အထွေထွေ အတွင်းရေးမှူး ကိုမိုးဆွေကလည်း မဇ္ဈိမကို ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ဦးရေသည် ၂ သန်းခန့်ရှိပြီး၊ ၎င်းတို့၏ သားသမီးများ ဦးရေမှာ ၂ သိန်းခန့်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်းထားကြသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Read More...

Monday, December 7, 2009

၇-၁၂-၀၉ ရက်နေ့ညက မဲဆောက်မြို့တွင်ကျင်းပသည့် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူ ယာဒက်၏ (၈၂)နှစ်မြောက် မွေးနေ့ပွဲတွင် လာရောက်သီဆိုဖျော်ဖြေခဲ့သည့် မြန်မာအဆိုတော် ဇော်ပိုင်နှင့်ရေဗက္က၀င်း တို့ကိုဒေသတွင်းရောက် မြန်မာနိုင်ငံသား(၈)ထောင်ခန့် လာရောက် အားပေးနေကြသည့် ဓါတ်ပုံမှတ်တမ်းများ။
ပုံ(၁)


ပုံ(၂)


ပုံ(၃)


ပုံ(၄)



ပုံ(၅)


Read More...

သေဆုံးခဲ့သူ ကျောင်းသူလေး၏ မိသားစုအား အထူးကုဆေးခန်းက တောင်းပန်ပြီ

မျိုးချစ်သူ / ၇ ဒီဇင်ဘာ ၂၀၀၉

ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း SSC ၌ ဆေးကုသရာမှ သေဆုံးခဲ့ရသော မခိုင်ရွှန်းလဲ့ရည်နှင့်ပတ်သက်၍ ၎င်း၏မိဘများအား ဆေးခန်းမှ မန်နေးဂျင်းဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင် စုစုပေါင်း (၄) ဦးက လာရောက်တောင်းပန်ကြပြီ ဖြစ်ကြောင်း ယနေ့ထုတ် ၀ီးကလီးအယ်လဲဗင်းဂျာနယ်တွင် ရေးသားဖော်ပြသည်။

အဆိုပါ သတင်းမှန်ကန်ကြောင်း၊ ၎င်းတို့ကို ကျေနပ်အောင် တောင်းပန်သွားကြောင်းနှင့် (၂) နာရီခန့် စကားပြောဆိုသွားကြောင်း မိသားစုက ပြောသည်။

“အခုလို လာရောက်တောင်းပန်တာကို ကျမတို့ကျေနပ်ပါတယ်။ တနိုင်ငံလုံးက သတင်းမေးတဲ့သူတွေ ဒီနေ့ထိ ရှိပါတယ်။ သူတို့တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။

SSC အနေဖြင့် မခိုင်ရွှန်းလဲ့ရည်၏ မိဘများကို လျော်ကြေးငွေ မည်မျှပေးခဲ့သည်ကိုမူ ၎င်းတို့က ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်သည် အောက်တိုဘာလ (၂၅) ရက်နေ့တွင် ဗိုက်နာသဖြင့် ရွှေဂုံတိုင် SSC ဆေးခန်းသို့ သွားရောက်ကုသခဲ့ရာ ဆရာဝန်က အူအတက်ရောင် ရောဂါဟု ထင်မြင်ယူဆကာ ခွဲစိတ်ကုသခဲ့ပြီးနောက် သွေးလွန်တုပ်ကွေးရောဂါ ပါလာသည်ဟု တာဝန်ကျဆရာဝန်ကပြောပြီး အောက်တိုဘာ (၂၇) ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုအတွက် ပြည်တွင်းမီဒီယာများက အကျယ်တဝင့် ဖော်ပြခဲ့ကြရာ အသက် (၆၀)်ဝန်းကျင်ရှိ ခွဲစိတ်အထူးကုဆရာဝန် ဦးကြည်စိုးအား ဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် (၅) နှစ် ပိတ်ပင်လိုက်သည်။

အထူးကုဆေးခန်းဖြစ်သော SSC ဆေးခန်းကိုလည်း မခိုင်ရွှန်းလဲ့ရည်မိသားစုထံ သွားရောက်တောင်းပန်ရန် ပြီးခဲ့သည့် ဒီဇင်ဘာ (၂) ရက်တွင် မြန်မာနိုင်ငံဆေးကောင်စီက အမိန့်ထုတ်ပြန်ခဲ့ပြီး (၃) ရက်မြောက်နေ့တွင် သွားရောက် တောင်းပန်ခြင်းဖြစ်သည်။

Read More...

Sunday, December 6, 2009

ဒူဘိုင်းရောက် မြန်မာလုပ်သားများ ဆက်လက်ရုန်းကန်ကြဦးမည်

နန်းဒေဝီ
သောကြာနေ့၊ ဒီဇင်ဘာလ 04 ရက် 2009 ခုနှစ် 14 နာရီ 03 မိနစ်


နယူးဒေလီ (မဇ္စျိမ) ။ ။ ရေနံဖြင့် ချမ်းသာနေသည့် အာရပ်စော်ဘွားများ ပြည်ထောင်စု - UAE နိုင်ငံ မြို့တော်ဒူဘိုင်းရှိ ကြယ်ငါးပွင့်ဟိုတယ်တွင် သန့်ရှင်းရေးအလုပ်ကို လုပ်အားခ နည်းပါးစွာဖြင့် လုပ်ကိုင်နေရသည့် ကိုနောင်ဝင်း (နာမည်ပြောင်း) သည် မြန်မာပြည် ပြန်ချင်သော်လည်း မိသားစု စီးပွားရေး နောက်ခံမရှိသဖြင့် အောင့်အီးကာ ဆက်လက် လုပ်ကိုင်ရဦးမည်ဟု ရင်ဖွင့်လေသည်။

“တလ ဒါဟန် (Dirhams) ၉၇၁ (ကျပ် ၁ သိန်း ၈ သောင်းကျော်) ရတယ်။ အားလုံးကို အိမ်ပို့တယ်။ တခါတလေ ဧည့်သည်ပေးတဲ့ tips လေးနဲ့ လိုအပ်တဲ့ အဝတ်အစား၊ ဈေးပေါတဲ့ ဟာလေးတွေ ဝယ်ဝတ်တယ်” ဟု သားသမီး ၃ ဦး၏ ဖခင်ဖြစ်သူ ၃၅ နှစ်အရွယ် ကိုနောင်ဝင်းက ရယ်မောရင်း ပြောဆိုသည်။

ပွဲဦးထွက် ပြည်ပအတွေ့အကြုံအဖြစ် ဒူဘိုင်းမြို့သို့ ရောက်ရှိနေသည့် သူက Grosvenor House ဟိုတယ်တွင် သန့်ရှင်းရေးအလုပ်ကို တနေ့လျှင် ၉ နာရီခွဲကြာ လုပ်ကိုင်နေရသော်လည်း အခက်အခဲမရှိကြောင်း စိတ်အားထက်သန်စွာ ပြောသည်။ “ကျနော့်သူဋ္ဌေးကလည်း ကျနော့်ကို သဘောကျတယ်။ အလုပ်တိုင်းကို ကျနော် လုပ်နိုင်တယ်။ ဘာမှ အခက်အခဲ မရှိဘူး” ။

Grosvenor House ဟိုတယ်နှင့် ၎င်းနှင့်ဆက်စပ်နေသည့် Le Meridien ဟိုတယ်တို့တွင် မြန်မာလုပ်သား ဦးရေ ၄၀ ထက်မနည်း ရှိနေပြီး၊ အများစုမှာ အောက်ခြေသိမ်း အလုပ်များဖြစ်သည့် သန့်ရှင်းရေး၊ ဧည့်ကြို၊ မီးဖိုချောင် အကူလုပ်သား စသည့် အလုပ်အကိုင်များ လုပ်ကိုင်နေကြသည်။

မြန်မာများ အပါအဝင် အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင် အစရှိသည့် နိုင်ငံသားများကို ဟိုတယ်က နေထိုင်ရန် အခန်းများ ပေးထားသည့်အပြင် စားသောက်ရေးအတွက်မူ မပူပင်ရကြောင်း သူက ဆိုသည်။

သို့သော် မြန်မာနိုင်ငံတွင် ဟိုတယ်အတွေ့အကြုံ ရင့်ကျက်သူဖြစ်ပြီး၊ လက်ရှိ မြို့တော်ဒူဘိုင်းရှိ Jumeriah Essex House ဟိုတယ်တွင် လာရောက်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး ဂျာ အတွက်မူ အစားအသောက်အတွက် အခက်ပွေနေရသည်။

“ဟိုတယ်က ကျွေးတဲ့အစားအစာကို မစားနိုင်ဘူး။ အမွှေးအကြိုင်တွေနဲ့ဆိုတော့ အစားအသောက် ခက်တယ်။ ကျန်တာ အားလုံးအဆင်ပြေတယ်” ဟု နှစ်စဉ်နှစ်တိုင်း မြန်မာပြည်ရှိ မိသားစုများထံ အလည်အပတ် ပြန်သွားလေ့ရှိသည့် သူက ပြောဆိုသည်။

အစ္စလာမ်နိုင်ငံအဖြစ် ကြေညာထားသည့် UAE နိုင်ငံမှ ဒူဘိုင်းပြည်နယ်ထဲတွင် ခရစ်ယာန်၊ ဟိန္ဒူ၊ ဆစ်ခ်နှင့် ဗုဒ္ဓဘာသာဝင်များလည်း နေထိုင်လျက်ရှိရာ သတ်မှတ်ထားသည့် ပွဲတော်နေ့ရက်များမှလွဲ၍ ဝတ်စားဆင်ယဉ်မှု ကန့်သတ်ထားခြင်း မရှိကြောင်း ဂျာက ပြောသည်။

“ဒီမှာက ဟိုတယ် ယူနီဖောင်း ဝတ်ရတယ်။ အပြင်ထွက်လည်း လွတ်လွတ်လပ်လပ်ပါပဲ။ ဒေသခံ အမျိုးသမီးတွေတောင် မျက်နှာဖုံးတာမျိုး မရှိဘူး။ ခေါင်းမြီးခြုံတာက လွဲလို့ပေါ့။ နေ့ထူးနေ့မြတ်နေ့ဆိုရင် ဟိုတယ်က နိုင်ငံခြားသား (အမျိုးသမီး) တွေကို တချောင်းကြိုးဝတ်တာတို့၊ စကပ်တအားတိုတာမျိုး မဝတ်ဖို့ ပြောရပါတယ်” ဟု သူက ဆိုသည်။

ဒူဘိုင်းမြို့တွင် ရောက်ရှိနေသည်မှာ ၇ နှစ်ကျော်ပြီဖြစ်သည့် ဂျာသည် အခြားကုမ္ပဏီများတွင် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ၃၀၀ ခန့်နှင့်အတူ ကုမ္ပဏီက ပေးထားသည့် Oasis Village တိုက်ခန်းဆောင်တွင် အတူတကွ နေထိုင်ရသည်။

“တယောက် တနေရာစီ အလုပ်လုပ်ကြတာ။ အများအားဖြင့်တော့ ဟိုတယ်၊ Mall တွေမှာ အရောင်းစာရေးတွေ လုပ်ကြတယ်။ ဆောက်လုပ်ရေးမှာ တချို့ လုပ်ကြတယ်” ဟု သူက ပြောသည်။

ရေနံဖြင့် ချမ်းသာကြွယ်ဝသည့် နိုင်ငံအဖြစ် UAE ကို လူသိများသော်လည်း မြို့တော်ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး မျှော်စင်ကြီး ဆောက်လုပ်မှု အပါအဝင် အိမ်မြေဆောက်လုပ်ရေး လုပ်ငန်းများ ကြီးထွားလာမှုကြောင့် နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံခန့် ကြွေးမြီပြဿနာဖြင့် လတ်တလော ရင်ဆိုင်နေရသည်။

အကျိုးဆက်အဖြစ် ဒူဘိုင်းရှိ ဖိလစ်ပိုင် အလုပ်သမား ၂ သိန်း ၅ သောင်းကျော်မှာ အလုပ်အကိုင် ဆုံးရှုံးမှုနှင့် ကြုံတွေ့ဖွယ်ရှိသဖြင့် အလုပ်အကိုင်အသစ်များ စီစဉ်ထားရန် လိုအပ်ကြောင်း ယမန်နေ့က ဖိလစ်ပိုင်မြို့တော် မနီလာမြို့ထုတ် Asia News သတင်းစာထဲတွင် ရေးသားထားသည်။

မြန်မာလုပ်သားများလည်း အလုပ်အကိုင်အတွက် စိုးရိမ်ပူပန်သော်လည်း ယနေ့ထိ အလုပ်ထုတ်ခံရသူ မရှိသေးကြောင်း မြန်မာများက ပြောဆိုကြသည်။

မြန်မာပြည်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီ အများစုကမူ ကာတာနှင့် ဒူဘိုင်းတွင် လုပ်ခလစာ နည်းပါးခြင်းနှင့် စီးပွားရေး ကျဆင်းလာခြင်းကြောင့် အလုပ်သမား ပို့ဆောင်သည့် လုပ်ငန်းများ ရပ်နားထားပြီး၊ စင်္ကာပူနှင့် မလေးရှားကိုသာ အပို့များနေသည်။

“အရင်ကတော့ ခေတ်စားတယ်။ မလုပ်တာ ၃ နှစ်ကျော်ရှိပြီ။ အရင်က တနှစ်ကို ၃၀ ကျော် ပို့တယ်။ ရတဲ့ လခတွေက နည်းတာနဲ့၊ အရင်ကလို ဟိုဘက်ကလည်း Demand (တောင်းဆိုမှု) မရတော့ဘူး” ဟု ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်ရှိ Royal Pole Star ကုမ္ပဏီမှ မန်နေဂျာက မဇ္စျိမကို ပြောသည်။

အလားတူပင် ထိုမြို့နယ်အတွင်း တည်ရှိသည့် Virtue International Limited မှ တာဝန်ရှိသူ တဦးကလည်း “ဒီလထဲမှာပဲ ဒူဘိုင်းကနေ ၁၀၀ ပြန်လွှတ်မယ်လို့ ဟိုဘက်က အေးဂျင့်က အကြောင်းကြားထားတယ်” ဟု ပြောသည်။

သို့သော် ယခုလ ပထမအပတ်အတွင်း မြန်မာလုပ်သား ၂၀၀ ကျော်ကို ဒူဘိုင်းမြို့မှ အေးဂျင့်များက လာရောက်၍ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကာ ရွေးချယ်သွားမည်ဟု ကျောက်တံတားမြို့နယ်ရှိ Danar ကုမ္ပဏီက ဆိုသည်။

“လျှောက်ထားတာက အများကြီးပဲ။ အမျိုးသား ၁၅၀ နဲ့ အမျိုးသမီး ၁၀၀ဘဲ ခေါ်မယ်။ လာမယ့်နှစ် မတ်လမှာလည်း နောက်ထပ်တသုတ် အင်တာဗျူး လာလုပ်ဦးမယ်။ အဓိက အင်္ဂလိပ်စကားတတ်ဖို့ လိုမယ်၊ ဉာဏ်စမ်းလေးတွေ ဖြေခိုင်းတာမျိုး ရှိမယ်” ဟု ထိုကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ရွေးချယ်ခံရသည့် အလုပ်သမားများက ဝန်ဆောင်ခအဖြစ် ကုမ္ပဏီသို့ အမေရိကန်ဒေါ်လာ ၁၂၀၀ စီ ပေးဆောင်ရမည်ဖြစ်ကာ ထိုထဲတွင် ဒူဘိုင်းအေးဂျင့်သို့ ပေးရမည့် ငွေကြေးနှင့် လေယာဉ်စရိတ်လည်း ပါဝင်ပြီးဖြစ်မည်ဟု သူက ဆိုသည်။

လွန်ခဲ့သည့် ၄ နှစ်ခန့်က ဒူဘိုင်းသို့ အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများကို သက်ဆိုင်ရာ ဒူဘိုင်း ကုမ္ပဏီများက လေယာဉ်စရိတ်များကို ကြိုတင်စိုက်ထုတ်ပေးခဲ့ပြီး၊ မြန်မာကုမ္ပဏီများက တဦးလျှင် ဝန်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၄၀၀ သာ တောင်းဆိုခဲ့သည်။

ဒူဘိုင်းရှိ မြန်မာလုပ်သားများကို သက်ဆိုင်ရာ ကုမ္ပဏီများက ၂ နှစ် တကြိမ်နှုန်းဖြင့် မြန်မာပြည်သို့ သွားရောက်လည်ပတ်ခွင့် ပြုသည့်အပြင် အလုပ်လုပ်ခွင့်ပါမစ် (WP) ကို ၃ နှစ် တကြိမ် သက်တမ်းတိုးပေးလေ့ရှိသည်။

“၂ နှစ် တကြိမ် သွားရင်တော့ သူတို့ စိုက်ပေးတယ်။ တနှစ်အတွင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားချင်ရင် ကုန်ကျစရိတ် သူတို့မပေးဘူး။ နာဂစ်တုန်းက မိသားစုနဲ့ အဆက်အသွယ်မရတော့ ကျနော့်ကို ပြန်ခွင့်ပေးတယ်။ လေယာဉ်စရိတ်လည်း ထုတ်ပေးတယ်” ဟု ကိုနောင်ဝင်းက ဆိုသည်။

“ကိုယ့်ဆန္ဒဆိုရင် ဒီမှာ မနေချင်ပါဘူး။ မိသားစုဝင်တွေနဲ့ ပြန်တွေ့ဖို့ နှစ်တိုင်း အိမ်ပြန်ချင်ပါတယ်” ဟု သူ့ဆန္ဒကို ပြောပြသည်။

ရရှိသည့် လုပ်အားခ နည်းသော်လည်း မြန်မာပြည်တွင် ကျန်ရစ်နေသည့် မိသားစုဝင်များ၏ စားဝတ်နေရေးနှင့် လက်ရှိ မြန်မာပြည်၏ တရိပ်ရိပ်တက်နေဆဲ ကုန်ဈေးနှုန်းကို အမီလိုက်နိုင်ရန် ကိုနောင်ဝင်း အပါအဝင် ဘဝတူ မြန်မာအလုပ်သမားများ ဒူဘိုင်းတွင် ဆက်လက်၍ ရုန်းကန်နေရဦးမည်သာ ဖြစ်သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

Read More...

ထိုင်းဘုရင် မွေးနေ့အတွက် မြန်မာအလုပ်သမားများလည်း လှူဒါန်း



Friday, 04 December 2009 18:43 ၀ါးရှီးဖော

ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ထိုင်းဘုရင်၏ ၈၂ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာအလုပ်သမားများ နှင့် ထိုင်းလူမှုအဖွဲ့ အစည်းများ ပူးပေါင်းပြီး ဘန်ကောက်မြို့ မဟာချိုင်အရပ်ရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် အလှူပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုပွဲကို ထိုင်းလူမှု အဖွဲ့အစည်း ၅ ဖွဲ့က ဦးဆောင် ကျင်းပသွားမည်ဖြစ်ကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်းမှ ဦးစိန်ဌေးက ဧရာဝတီသို့ပြောသည်။

ထိုင်းနိုင်ငံအနှံ့တွင် ရှိသော မြန်မာပြည်သား အများအပြားသည် ထိုင်းဘုရင်၏ မွေးနေ့ပွဲကို ဂုဏ်ပြုသည့် အနေဖြင့် ရောက်ရှိရာ နေရာအလိုက်၊ အဖွဲ့အစည်းအလိုက် စုပေါင်း၍ အခမ်းအနား အသီးသီး ပြုလုပ်လေ့ရှိသည်။

“ဘုန်းကြီးကျောင်းမှာ အလုပ်သမားတွေရဲ့ လုပ်အားနဲ့ရတဲ့ ငွေတွေကို လှူမယ်။ အစိုးရဌာနတွေကို ဖိတ်ပြီး အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဟောပြောပွဲလုပ်မယ်။ နောက်ပြီး ကျန်းမာရေးဌာနတွေကိုလည်း ဖိတ်မယ်။ အလုပ်သမားတွေကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို ဟောပြောမယ်” ဟု ဦးစိန်ဌေးက ပြောသည်။

ဟာပြောပွဲအစီအစဉ်များ အပြီးတွင်လည်း ထိုင်းအလုပ်သမား သမဂ္ဂ နှင့် ပူးပေါင်းပြီး ရပ်ကွက် သန့်ရှင်ရေး လုပ်ငန်းများကို စုပေါင်း ဆောင်ရွက် သွားမည်ဟု သူက ဆိုသည်။

“အလုပ်သမားတွေ သိသင့်သိထိုက်တာတွေ သိဖို့ရယ်၊ နောက်ပြီး အဓိက ပြဿနာကတော့ ထိုင်းရပ်ကွက်တွေမှာ နေတော့ သန့်ရှင်းရေးနဲ့ ပတ်သက်တာတွေ အမြဲတမ်း အပြောအဆို ခံရတယ်။ ဒီအတွက် ထိုင်းရပ်ကွက်လူကြီးတွေ သူတို့အပေါ် အကောင်းမြင်လာအောင်နဲ့ ထိုင်းဘုရင်ကြီးရဲ့မွေးနေ့မှာ ကုသိုလ်လည်းရအောင် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အလုပ်သမားတွေကို စုပြီး ဒီလိုပွဲမျိုး လုပ်ဖြစ်တာပါ” ဟု ၎င်းက ဆက်ပြောသည်။

ဘုရင်ကြီး၏ မွေးနေ့ အထိမ်အမှတ်အဖြစ် ချင်းမိုင်နှင့် မဲဆောက်မြို့ရှိ မြန်မာအလုပ်သမားများ၏ စုပေါင်း သွေးလှူပွဲများလည်း ရှိကြောင်း သိရသည်။

“ကျမတို့ အလုပ်သမားတွေ အနေနဲ့ ဘုရင်ကြီးရဲ့ မွေးနေ့ရောက်တိုင်း နှစ်စဉ် ဒီလို သွေးလှူဖြစ်ပါတယ်” ဟု ချင်းမိုင်မြို့တွင် အလုပ်လုပ်နေသော ရှမ်းတိုင်းရင်းသူ တဦးက ပြောသည်။

ထို့ပြင် မြန်မာ နာမည်ကြီး အနုပညာရှင်တချို့သည်လည်း ထိုင်းဘုရင်ကြီး၏ မွေးနေ့ပွဲတွင် နှစ်စဉ် လာရောက်ဖျော်ဖြေလေ့ရှိရာ ယခုနှစ်တွင်လည်း လာရောက် ဖျော်ဖြေမည်ဟု သိရသည်။

ထိုင်းနိုင်ငံ နေရာအနှံ့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားပေါင်း ၄ သန်းခန့် ရှိသည်ဟု အလုပ်သမားရေးရာ အဖွဲ့များ၏ အဆိုအရ သိရသည်။

ဘုရင်ကြီး၏ မွေးနေ့ပွဲကို နိုင်ငံတ၀န်းလုံးတွင် ရှိသော ထိုင်းပြည်သူများက ခမ်းနားစွာ ပြုလုပ်ပေးလျက်ရှိသည်။ ထိုင်း ဘုရင်ကြီးသည် အသက်အရွယ်အရ ကျန်းမာရေးချို့တဲ့နေသော်လည်း မနက်ဖြန်တွင် ကျရောက်မည့် ၎င်း၏ မွေးနေ့ပွဲသို့ ကိုယ်တိုင် တက်ရောက်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

Read More...

Wednesday, December 2, 2009

မြန်မာနှင့် မဲခေါင်ဒေသ သတင်းသမားများ ထိုင်းတွင် တွေ့ကြမည်

မြန်မာ နှင့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများမှ စာနယ်ဇင်း သမားများ၏ နှီးနှောဖလှယ်ပွဲ တခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မကြာမီ ရက်ပိုင်းအတွင်း ပြုလုပ်တော့မည် ဖြစ်သည်။

အာရှဒေသအတွင်း စာနယ်ဇင်း သမားတို့၏ ဆွေးနွေးပွဲများစွာ ရှိသော်လည်း ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်မည့် နှီးနှောဖလှယ်ပွဲမှာ မဲခေါင်ဒေသကို အလေးထားမည်ဖြစ်ပြီး မတူခြားနားမှုများ ပါဝင်မည်ဖြစ်ကြောင်း Inter Press Service (IPS) သတင်းဌာန၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စဂျိုဟန်နာဆန်က ပြောသည်။

“မဲခေါင်ဒေသ စာနယ်ဇင်းသမားတွေရဲ့ အမြင်ကို နိုင်ငံတကာ မီဒီယာမှာ မတွေ့နိုင်ဘူး။ ကျမတို့က စာနယ်ဇင်းသမားတွေ အေးအေးဆေးဆေး တွေ့ဆုံပြီး သူတို့နိုင်ငံတွေမှာ ဘာတွေ ကြုံတွေ့နေရသလဲ ဆိုတာတွေကို ပြောဆိုဆွေးနွေးနိုင်မယ့် အနေအထားတခု ဖန်တီးပေးတဲ့သဘောပါ” ဟု နှီးနှောဖလှယ်ပွဲ စီစဉ်သူတဦးဖြစ်သည့် မစ္စဂျိုဟန်နာဆန်က ဧရာဝတီကို ပြောသည်။

မဲခေါင်မြစ်ဝှမ်း နိုင်ငံများ ဖြစ်သည့် မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် တို့မှ စာနယ်ဇင်းသမားများကို Mekong Media Forum (MMF) အမည်ရှိ နှီးနှောဖလှယ်ပွဲတွင် တွေ့ရမည် ဖြစ်သည်။

၎င်းတို့ ကြုံတွေ့နေရသည့် အခြေအနေများကို ဆွေးနွေးကြမည်ဖြစ်ရာ မဲခေါင်ဒေသနိုင်ငံများရှိ အမျိုးသမီးအရေး၊ စာနယ်ဇင်းလောက၊ စီးပွားရေး စသည့် အကြောင်းအရာမျိုးစုံ ပါဝင်မည် ဖြစ်သည်။

ဆွေးနွေးမှုများနှင့်အတူ မှတ်တမ်းရုပ်ရှင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲများ ပါဝင်ရာ နိုင်ငံရေးသရော်မှုများဖြင့် ထင်ရှားသည့် ကာတွန်းဆရာဟန်လေး၏ မကြာသေးမီက ထုတ်ဝေလိုက်သော Defiant Humor, Volume II အမည်ရှိ ကာတွန်းပေါင်းချုပ် စာအုပ်ကိုလည်း မိတ်ဆက် ဖြန့်ချိမည် ဖြစ်သည်။

MMF နှီးနှောဖလှယ်ပွဲတွင် မြန်မာပြည်၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တင်ဆက်ဆွေးနွေးရန် ပြင်ဆင်နေသည်ကိုလည်း တွေ့ရသည်။

နှီးနှောဖလှယ်ပွဲကို IPS သတင်းဌာန၏ အာရှပစိဖိတ်ဒေသဆိုင်ရာရုံးခွဲ နှင့် ဖိလစ်ပိုင် အခြေစိုက် အဖွဲ့တခု ဖြစ်သော Probe Media Foundation တို့က ကမကထပြုကြသည်။ ဤအဖွဲ့များက ၂၀၀၂ ခုနှစ်မှ အစပြု၍ မဲခေါင်မြစ်ဝှမ်းဒေသ စာနယ်ဇင်းသမားများ အတွေ့အကြုံဖလှယ်သည့် အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရသည်။

ယခင်အစီအစဉ်များတွင် ပါဝင်ခဲ့သည့် စာနယ်ဇင်းသမားများကို လာမည့် နှီးနှောဖလှယ်ပွဲတွင်လည်း ပါဝင်ရန် ဖိတ်ခေါ်ထားသည်။

စီစဉ်သူများက မဲခေါင်ဒေသနိုင်ငံများနှင့် ပတ်သက်ပြီး လေ့လာနေသော စာနယ်ဇင်းသမား၊ ပညာရှင်၊ သုတေသီများကိုလည်း MMF နှီးနှောဖလှယ်ပွဲ တက်ရောက်သင့်ကြောင်း တိုက်တွန်းထားသည်။

Read More...

Tuesday, December 1, 2009

မြန်မာအလုပ်သမားများ ယာယီပတ်စပို့ လုပ်ငန်းစဉ်အပေါ် တုန့်ပြန်မှု အထူးနှေးကွေး

Tuesday, 01 December 2009 15:35

ထိုင်းနှင့် မြန်မာအစိုးရတို့ အကောင်အထည်ဖေါ်နေသော ယာယီပတ်စပို့ လုပ်ငန်းစဉ်အပေါ် မြန်မာအလုပ်သမားများ တုန့်ပြန်မှုမှာ နှေးကွေးလွန်းသဖြင့် အထူးစဉ်းစားစရာ အကြောင်းအရာ တစ်ခုဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန နိုင်ငံခြား အလုပ်သမားများရေးရာဌာန မန်နေဂျာ နိုင်ထနစ်နနွိုင်က ပြီးခဲ့သောရက်ပိုင်းက ၀န်ကြီးဌာနအစည်းအဝေးတွင် ပြောကြားလိုက်သည်။

ပြီးခဲ့သော နိုဝင်ဘာ(၂၈)ရက်နေ့ အလုပ်သမား ၀န်ကြီးဌာန အစည်းအဝေး၊ နိုင်ငံခြား အလုပ်သမားများ မူဝါဒရေးရာ သုံးသပ်ဆွေနွေးပွဲတွင် မန်နေဂျာက “ဇူလိုင်လကတည်းက အခုအချိန်ထိ မြန်မာအလုပ်သမား ရှစ်သောင်း ယာယီပတ်စပို့လုပ်ဖို့ ဖေါင်တွေဖြည့်ပြီး လျှောက်ထားခဲ့တယ်။ မြန်မာနိုင်ငံ အစိုးရက သူတို့နိုင်ငံသားအဖြစ် အတည်ပြုပြီးတော့ အကြောင်းပြန်တာက အလုပ်သမား သုံးသောင်း ဆိုတော့ ကျန်တဲ့လူငါးသောင်းက ဘာတွေဖြစ်လို့ အကြောင်းမပြန်တာလဲ၊ လေးလကျော် ငါးလနီးပါး လုပ်လာပြီ နည်းနည်းချင်းစီ လာလုပ်နေကြတာ ဒီနေ့အထိ စုစုပေါင်း (၄၀၀၀)ပဲ လုပ်သေးတယ်။ ၂၀၀၉ ခုနှစ် ကျနော်တို့ဆီမှာ မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမားက (၇၀၀၀၀၀) ရှိတယ်၊ ကျနော်တို့ကတော့ နိုင်ငံသားအဖြစ် စီစစ်လို့ မရတဲ့လူတွေကို ၂၀၁၀ ဖေဖေါ်ဝါရီလကုန်ဆိုရင် ဥပဒေအရ နိုင်ငံအပြင်ဘက်ကို မောင်းထုတ်ရမယ့် သဘောဖြစ်နေတယ်”ဟု သတင်းထောက်များအားပြောသည်။

မြန်မာနိုင်ငံသားများမှ အချက်အလက်များ ဖြည့်စွက်ရာတွင် ပြည့်စုံမှု မရှိခြင်းများ ရှိနေကြောင်း၊ အလုပ်သမားများ၏ ယာယီပတ်စပို့ လုပ်ငန်းစဉ်အတွင်း ထိုင်းနိုင်ငံဖက်မှ အခက်အခဲ မရှိသော်လည်း မြန်မာနိုင်ငံဖက်မှ ဘာကြောင့် အခက်အခဲဖြစ်ပြီး နှောင့်နှေးကြန့်ကြာနေတာကို မိမိတို့စဉ်းစားမရ ဖြစ်နေကြောင်း ရေးသားထားသည်။

နယ်စပ်လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ၊ ကရင်၊ မွန်နှင့် ရိုဟင်ဂျာဟုခေါ်သော လူများ မည်သို့ပင်ဖြစ်စေ နိုင်ငံသားအဖြစ် စီစစ်မရနိုင်သော သူများကို မိမိတို့ အစိုးရအနေဖြင့် တရားမ၀င် နိုင်ငံခြာသား အလုပ်သမားများအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ယမန်နေ့က ထိုင်းဘာသာဖြင့် ထုတ်ဝေသော ဒေးလီးနယူး သတင်းစာတွင် ဖေါ်ပြထားသည်။

Read More...

ထိုင်းလမ်းသရဲများ ၀ိုင်းရိုက်သဖြင့် မြန်မာအလုပ်သမားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

Tuesday, 01 December 2009 11:50

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အစွန်၊ မဟာချိုင်နယ်စပ်၊ စွယ်ဖစိဖစ်အုန်းနွဲ့တွင်ရှိသော တိုင်စင်အထည်ချုပ် စက်ရုံရှေ့တွင် ထိုင်းလမ်းသရဲများက ၀ိုင်းရိုက်သဖြင့် မြန်မာလူငယ် တဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ မြ၀တီမြို့နယ် ရွှေကုက္ကိုရွာနေ ဦးထွန်းကြည်နှင့် ဒေါ်တင်လှတို့၏ ဒုတိယမြောက်သား မောင်စိုးဦး (အသက် ၁၉ နှစ်)ဆိုသူ ဖြစ်သည်။

မောင်စိုးဦးနှင့် ကိုအစောတို့မှာ အလုပ်ရုံမှ အချိန်ပို အလုပ်ဆင်းပြီးနောက် ညရှစ်နာရီခွဲ အချိန်ခန့်တွင် ထမင်းဝယ်စားနေစဉ် အခြားစားပွဲခုံတစ်ခုမှ အသက် (၁၆) နှစ်ဝန်းကျင် ထိုင်းလူငယ်သုံးဦး ထမင်းစားနေသည်ကို မောင်စိုးဦးက စောင်းငဲ့ကြည့်မိသဖြင့် ရိုက်နှက်ခြင်း ဖြစ်နိုင်ကြောင်း အတူအရိုက်ခံရပြီး ကျောတွင် သံတုတ်ဒဏ်ရာရရှိခဲ့သူ ကိုအစောက ပြောပြသည်။

“ကျနော်တို့ ဖယ်ရီကားပေါ်ကဆင်းပြီး ထမင်းဆိုင်မှာ ထမင်းစားကြပါတယ်။ အနားက စားပွဲခုံမှာ ထိုင်းလူငယ် သုံးယောက်က ဆဲဆိုပြီး ခုံကိုထုကြတယ်၊ ဆူညံနေတယ်။ အဲဒါကို မောင်စိုးဦးက နဲနဲစောင်းကြည့်တယ်။ အခြားဘာမှမဖြစ်ပါဘူး။ ကျနော်တို့ ထမင်းစားပြီး ထွက်လာတော့ မီးနဲနဲမှောင်တဲ့အနားက ထွက်ပြီး သံတုတ်နဲ့ ရိုက်တယ်။ မောင်စိုးဦးရဲ့ ခေါင်းဦးဆက်ကို ထိတယ်။ မှောက်ကျသွားတယ်၊ ထမိုင်း ထမိုင်းလို့ အော်ပြီးရိုက်တယ်။ ပြီးတော့ ခြေထောက်ကို ဒရွတ်တိုက်ဆွဲခေါ်သွားပြီး ခေါင်းကို ခဲတွေနဲ့ ထုတယ်။ ကျနော်က အရပ်နဲနဲမြင့်တော့ ကျောကိုထိတယ်။ ကျနော်ထွက်ပြေးတယ်။ အစောင့်ကို သွားခေါ်ပြီး ပြန်လာကြည့်တာ့ မောင်စိုးဦးသေနေပြီ”ဟု ပြောသည်။

မျက်မြင်များ၏ ထွက်ဆိုချက်များနှင့် လမ်းထိပ်ဈေးတွင် တပ်ဆင်ထားသော ဒယ်ဂျစ်တယ် ကယ်မရာတို့မှ ဖေါ်ထုတ်ချက်အရ ရိုက်နှက်သူ ထိုင်းလူငယ်များအား နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

သေဆုံးသူ၏ ၀မ်းကွဲညီအစ်ကိုဖြစ်သူ ကိုအထွေးက “စိုးဦး ထိုင်းကိုလာတာ (၂)နှစ်လောက်ရှိပြီ။ သူက မွေးချင်းငါးယောက်မှာ ဒုတိယမြောက် သားဖြစ်တယ်။ အလုပ်လုပ်ပြီး မိဘတွေကို လုပ်ကျွေနေတဲ့သူပဲ။ ကျနော် သူ့မိဘတွေဆီကို ဖုန်းဆက်လိုက်ပါပြီ။ ကျနော်တို့ရဲ့ မလုံခြုံတဲ့ ဘ၀ကို တွေးပြီး ကြောက်တယ်ဗျာ။ ကိုယ့်တိုင်းပြည်မှာ လုပ်စားစရာမရှိ၊ အဆင်မပြေလို့ ထိုင်းကိုလာပြီး အလုပ် လုပ်ကြတာ၊ ကျနော်တို့ မြန်မာအလုပ်သမားတွေရဲ့ ဘ၀တွေဟာ တကယ့် အကာအကွယ်မဲ့ပါတယ်ဗျာ” ဟုပြောသည်။

အတူတူ အရိုက်ခံခဲ့ရသူ ကိုအစောက “ မတရား ခံရမှန်းသိတယ်။ ဒါပေမယ့် ကျနော်တို့ ဘာမှမလုပ်ရဲဘူး။ နောက်ဒီလိုမျိုး မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ ပုလိပ်ကမေးတော့ ထိုင်းလမ်းသရဲက ဘာပြောလဲဆိုရင် သူ့ကိုကြည့်လို့ ဆုံးမတာတဲ့။ သေအောင် ဆုံးမရသလားဗျာ” ဟု ပြောသည်။

ထိုင်းလူငယ်များ အထူးသဖြင့် သောက်စားတတ်သူများနှင့် တွေ့ဆုံပါက ၄င်းတို့အား မကြည့်ရန်နှင့် အသွားအလာများကို အထူးသတိထား စေလိုကြောင်း၊ မီးလင်းသောနေရာမှ သွားကြစေလိုကြောင်း ကိုအစောက ပြောသည်။

Read More...

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှု စတင်ပြီ

ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကု ဆေးခန်းတွင် မခိုင်ရွှန်းလဲ့ရည် ဆိုသည့် ကျောင်းသူတဦး သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ ပြည်တွင်း သတင်း ဂျာနယ်များက အကျယ်တ၀င့် ရေးသားဖော်ပြပြီးနောက် သက်ဆိုင်ရာ ဆေးခန်းနှင့် အထူးကု ဆရာဝန်ကြီးတို့ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ ဆေးကောင်စီက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု သိရှိရသည်။

မခိုင်ရွှန်းလဲ့ရည် (ဓာတ်ပုံ - လျှပ်တစ်ပြက်ဂျာနယ်)

ယင်းသို့ ပြည်တွင်းသတင်းဂျာနယ်များ၏ သတင်းဖော်ပြမှုကြောင့် ဆေးခန်းနှင့် ဆရာဝန်တို့၏ လုပ်ရပ်သည် တာဝန်မဲ့သည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်လာသည့်အတွက် ထိုသို့ စုံစမ်းစစ်ဆေးမှုများ စတင်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။

“စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီလ၂၆ ရက်နေ့မှာ အထူးအစည်းအဝေးခေါ်ပြီးဖွဲ့တယ်၊ စစ်ဆေးမှုတွေစလုပ်ပြီ”ဟု ၎င်းက ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဆေးပညာဆိုင်ရာအငြိမ်းစားပါမောက္ခ၊ ဌာနမှူးများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဆရာဝန်ကြီး များပါဝင်ကာ စုံစမ်းစစ်ဆေးမှုများကို သီတင်းတပတ် ပြုလုပ်မည်ဟုလည်း သိရှိရသည်။

အကယ်၍ မခိုင်ရွှန်းလဲ့ရည်အမှုတွင် ဆေးကုသမှုမှားယွင်းကြောင်း စစ်ဆေးတွေ့ရှိပါက လူနာကို ကုသပေးခဲ့သော အထူးကု ဆရာဝန်ကြီး၏ ဆေးကုသခွင့်လိုင်စင်အသိမ်းခံရမည် ဖြစ်ပြီး ရွှေဂုံတိုင် အထူးကုဆေးခန်း(SSC)သည် တရားဝင်ဝန်ချတောင်းပန်မှု ပြုလုပ်ကာ လူနာရှင်ကို လျော်ကြေးပေးရဖွယ်ရှိကြောင်း ဆေးကောင်စီ တာဝန်ရှိသူက ဆိုသည်။

“တကယ်ပဲ ဆေးကုသမှု မှားယွင်းတယ်ဆိုရင်တော့ အထူးကုဆရာဝန်(ဆမ)အသိမ်းခံရပြီး ဆေးခန်းကလည်း လူနာရှင်ကို လျော် ကြေး ပေးရတာမျိုး ဖြစ်နိုင်တယ်၊ စုံစမ်းလို့ရတဲ့ရလဒ်အပေါ်မူတည်ပြီး ဘယ်လို အရေးယူမလဲဆိုတာ အစည်းအဝေးခေါ် ဆုံးဖြတ် မယ်”ဟု ၄င်းကပြောသည်။

အဆိုပါ အသက် ၁၅ နှစ်အရွယ် ၉တန်းကျောင်းသူ မခိုင်းရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၀မ်းဗိုက်နာသော ဝေဒနာဖြင့် ရွှေဂုံတိုင်ဆေးခန်းသို့ ရောက်ရှိလာရာ ဆေးခန်းမှ အစာအိမ်နှင့်အူလမ်းကြောင်းခွဲစိတ် အထူးကုဆရာဝန်ကြီးက အူအတက်ရောင်ရောဂါဖြစ်နေသည်ဟုပြောဆိုပြီး ခွဲစိတ်ကုသရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မခိုင်ရွှန်းလဲ့ရည်ဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် အစိုးရ၏ညံ့ဖျင်းသောပြည်သူ့ကျန်းမာရေးစီမံခန့်ခွဲမှုများ ရှိနေသည်ကို မီးမောင်း ထိုးပြသော ဖြစ်စဉ်တခုဖြစ်ကြောင်း၊ မခိုင်ရွှန်းလဲ့ရည်ကဲ့သို့သော ဖြစ်ရပ်မျိုးတွေ့ကြုံခံစားရမှုများ ပုဂ္ဂလိကဆေးရုံများနှင့် အစိုးရ ဆေးရုံများတွင် နှစ်ပေါင်းများစွာကပင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး ယခုမှ ပြည်တွင်းသတင်းဂျာနယ်များ၏ သတင်းဖော်ပြမှုကြောင့် လူအများသိရှိခြင်း ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအခန်းကဏ္ဍတွင် ပိုမိုအရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း အငြိမ်းစား ကျန်းမာရေးဝန်ထမ်းတဦးက ဝေဖန်ပြောဆိုသည်။

ယခုအခါ ပြည်တွင်းရှိ ပုဂ္ဂလိဆေးရုံ၊ဆေးခန်းများ အားလုံး ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဥပဒေအရ တရားဝင် လိုင်စင် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး မခိုင်ရွှန်းလဲ့ရည်ကဲ့သို့သော ဖြစ်စဉ်မျိုးဖြစ်ပွားလာပါက ကုသသည့်ဆေးခန်းနှင့် ဆရာဝန်များကို တရားစွဲဆို၍ ဥပဒေအရ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Read More...

Monday, November 30, 2009

ထိုင်းရေတပ်ကပစ်သဖြင့် မြန်မာစစ်သားများ ဒဏ်ရာရ

ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ စစ်သားများ သောကြာနေ့က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြန်မာ့ တပ်မတော်မှ ဗိုလ်ကြီးတဦးနှင့် တပ်သား လေးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းကော့သောင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် ၂၆၂ မှ စစ်သားများက မြန်မာရေပိုင်နက်အတွင်း ၀င်ရောက်လာသည့် ငါးဖမ်းလှေများကို လိုက်လံ ဖမ်းဆီးစဉ် ထိုင်းရေပိုက်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် နှစ်ဘက် စစ်တပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လိုက်လံ ဖမ်းဆီးသည့် မြန်မာစစ်သားများက စစ်ဝတ်စုံ ၀တ်ဆင်ထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ထိုင်း ငါးဖမ်းသမားများက ၎င်းတို့ကို ပင်လယ်ဓားပြဟု ထင်မှတ်ပြီး ထိုင်းရေတပ်ကို အကြောင်းကြားခဲ့ပြီး နောက်ပိုင်း ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာ စစ်တပ်နှင့် နီးစပ်သူတဦးဖြစ်သည့် မောင်တူးက ဧရာဝတီသို့ ပြောသည်။

ဒဏ်ရာရရှိသူများမှာ ခြေလျင်တပ်ရင်း အမှတ် ၂၆၂ မှ တပ်စုမှူး လွင်မင်းသူ နှင့် တပ်သားများ ဖြစ်ပြီး ယခုအခါ ကော့သောင်းမြို့တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ငါးခိုးဖမ်းသည့် လှေများကို လိုက်လံစစ်ဆေးစဉ် စစ်သားများက ကော့သောင်းမြို့မှ ပုဂ္ဂလိကပိုင် စက်လှေတစီးကို ချောဆွဲသွားခဲ့ကြောင်း၊ စက်လှေတွင် လုပ်ကိုင်သူ လှေသမားတချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ထိုဒေသတွင် နေထိုင်သူ စာနယ်ဇင်းသမားတဦးက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားစဉ် ထိုင်းရေတပ်မှ စစ်သည်အင်အား ၃၀ခန့်ရှိပြီး၊ မြန်မာ့တပ်မတော်ဘက်မှ ၇ဦးခန့်သာ ရှိသည်ဟု ဆိုသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အာဏာပိုင်များက တစုံတရာ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

မြန်မာ့ရေပိုင်နက်သည် တခြားဒေသများထက် ငါးမျိုးစုံ ပိုမို ကျက်စားသဖြင့် ဒေသတွင်း နိုင်ငံများမှ ငါးဖမ်းလှေများက ၀င်ရောက်ပြီး ငါးဖမ်းလေ့ရှိသည်။

Read More...

Tuesday, November 24, 2009

တရုတ် ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှု ၉၂ ဦး သေဆုံး

23 November 2009

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ကျောက်မီးသွေးတွင်း တခုမှာ စနေနေ့တုန်းက ဖြစ်ပွားခဲ့တဲ့ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေဟာ အခုအခါ ၉၂ ယောက်အထိ ရှိသွားပြီ၊ ဒါပေမဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး ၂ ရက်အကြာအထိ နောက်ထပ် လူ ၁၆ ဦးဟာလည်း ရုရှားနိုင်ငံရဲ့ နယ်စပ်အနီးမှာရှိတဲ့ ကျောက်မီးသွေးတွင်းရဲ့ မြေအောက်ထဲမှာ ပိတ်မိနေတုန်းပဲလို့ အစိုးရပိုင် သတင်းဌာနတွေက ဖော်ပြကြပါတယ်။

အပျက်အစီးတွေ၊ အဆိပ်သင့်နေတဲ့ ဓာတ်ငွေ့တွေကြားကနေ ကယ်ဆယ်ရေး သမားတွေကတော့ အောက်စီဂျင်ဘူးတွေ အသုံးပြုပြီး ပိတ်မိနေသူတွေဆီ အရောက်သွားဖို့ ကြိုးစားနေကြတာပါ။

ကယ်ဆယ်ရေး လုပ်ငန်းတွေ အရှိန်မြှင့် ဆောင်ရွက်သွားဖို့ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) နဲ့ ၀န်ကြီးချုပ် ၀မ်ကြားပေါင် (Wen Jiabao) တို့ကလည်း စနေနေ့တုန်းကပဲ ညွှန်ကြားချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

ဟေလောင်ဂျီယန် (Heilongjiang) ပြည်နယ်ထဲက ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြီးကြပ်သွားဖို့အတွက် ထိပ်တန်း အရာရှိတဦးဖြစ်တဲ့ ဒု-၀န်ကြီးချုပ်ကိုလည်း စေလွှတ်ထားတာပါ။

တရုတ်နိုင်ငံက ကျောက်မီးသွေးတွင်း လုပ်ငန်းတွေမှာ မကြာခဏဆိုသလို ကြီးမားတဲ့ မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိသလို မကြာသေးခင် နှစ်တွေအတွင်း ကြီးကြီးမားမား ပြဿနာတွေ ကြုံခဲ့ရလို့လည်း လုပ်ငန်းခွင် လုံခြုံရေး တိုးတက်အောင်လုပ်ဖို့ အစိုးရကို ဖိအားပေးမှုတွေလည်း တိုးပွားလာခဲ့ပါတယ်။

Read More...

လှိုင်သာယာမီး အိမ်ခြေ ၂၀ ကျော် ဆုံးရှုံ


23 November 2009

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရှမ်းချောင်းရပ်ကွက်မှာ မနေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် အိမ်ခြေ ၂၀ လောက် မီးလောင်ပျက်စီးသွားပြီး လူဦးရေ ၁၀၀ ကျော် မီးဘေးဒုက္ခသည် ဖြစ်ခဲ့ရပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

လှိုင်သာယာမြို့နယ် ရှမ်းချောင်းရပ်ကွက် အောင်သုခ ၄ လမ်းမှာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာကြောင့် အလုပ်သမားများ နေထိုင်တဲ့ တန်းလျားများ အပါအ၀င် လူနေအိမ်များ မီးထဲ ပါသွားတဲ့အတွက် မီးဘေးဒုက္ခသည်များ အခုလက်ရှိ လှိုင်သာယာမြို့နယ် အမှတ် ၄ အလယ်တန်းကျောင်းမှာ နေထိုင်နေရကြောင်း လှိုင်သာယာမြို့နယ်ထဲက ပြည်သူတဦးက အခုလို ပြောပြပါတယ်။

“လှိုင်သာယာ ရှမ်းချောင်း၊ အောင်သုခ ၄ လမ်း၊ အိမ်ခြေ ၂၀ လောက် ပါတယ်လို့ပြောတယ်။ လူကတော့ တော်တော်များများပဲ။ အိမ်ကတော့ မပြောတတ်ဘူး၊ တန်းစီနေတာပဲ။ သူတို့တွေကတော့ စာသင်ကျောင်းမှာ။ မီးသတ်ကားတွေ ရောက်လာတယ်။ ဒါပေမဲ့ အဲဒီလမ်းထဲကို ၀င်လို့မရဘူး။ သူတို့လမ်းက ကားဝင်လို့ မရဘူး။”

မနက် ၉ နာရီခွဲ အချိန်လောက်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ပြီး နာရီဝက်ခန့် ကြာမှသာ မီးသတ်ကားတွေ ရောက်ရှိလာခဲ့တယ်လို့ ပြည်သူတွေက ပြောပါတယ်။ မီးသတ်ကားတွေ ရောက်ရှိလာခဲ့ပေမဲ့လည်း လမ်းတွေက မီးသတ်ကားတွေ ၀င်ရောက် ငြှိမ်းသတ်နိုင်လောက်အောင် ကျယ်ဝန်းမှု မရှိတာကြောင့် မီးငြှိမ်းသတ်ဖို့အတွက် အခက်အခဲတွေ ရှိနေခဲ့ပါတယ်။ မီးသတ်ကား ၃ စီးသာ အောင်သုခ ၄ လမ်းထဲကို ၀င်ရောက်နိုင်ခဲ့ပြီး တခြား မီးသတ်ကား ၂ စီးကတော့ အောင်သုခ ၃ လမ်းက ၀င်ရောက် ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

လှိုင်သာယာမြို့နယ် မီးသတ်ဦးစီးဌာနကို မီးလောင်မှုနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ အခုလို အတည်ပြု ပြောကြားပါတယ်။

“အိမ် ၁၇ လုံး ပါသွားပါတယ်။ လူဦးရေ ၁၁၉ ယောက် ပါသွားပါတယ်။ ပြီးသွားပါပြီ။”

မီးလောင်မှု စတင်ဖြစ်ပွားခဲ့တဲ့ အိမ်ကတော့ အိမ်ထောင်ဦးစီး ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ကြောင်း ရပ်ကွက်သားတွေထံက သိရပေမဲ့ မီးလောင်မှုနဲ့ ပတ်သက်ပြီး လှိုင်သာယာ ရဲစခန်းကတော့ ဖြေကြားခြင်း မရှိပါဘူး။

အခုလိုရာသီအချိန်မှာ ထင်းမီးတွေ မွှေးရာက မီးလောင်ကျွမ်းမှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး မြန်မာနိုင်ငံမှာ ရေရှားပါးမှု၊ မီးသတ်ကားတွေ အချိန်မီ မရောက်ရှိမှု၊ မီးသတ်ကား မလုံလောက်မှုတွေကြောင့် မီးလောင်မှုဖြစ်တိုင်း ဆုံးရှုံးမှုတွေ ဖြစ်ရတာက များပါတယ်။

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By