" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Wednesday, January 20, 2010

တရားဝင် ရွှေ့ပြောင်းအလုပ်သမားများကို (၂) နှစ် သက်တမ်းတိုးပေး

(တရားဝင် အလုပ်သမားလက်မှတ်ကိုင်ဆောင်သူ ရွှေ့ပြောင်းအလုပ်သမား အားလုံးကို ထိုင်းအစိုးရက နောက်ထပ် (၂ )နှစ် သက်တမ်းတိုး အလုပ်လုပ် ခွင့်ပြုလိုက်သည်။

ယနေ့ ထိုင်းအစိုးရက ဆုံးဖြတ်ခဲ့သည့် (၂) နှစ်သက်တမ်းတိုးပေးမည့် အလုပ်သမားများမှာ တရားဝင် အလုပ်လုပ်ခွင့်သက်တမ်း မနက်ဖြန်တွင် ကုန်ဆုံးမည့် အလုပ်သမားများအပါအ၀င် ယမန်နှစ်က အလုပ်သမား မှတ်ပုံတင် ပြုလုပ်ခဲ့သော ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း (၁) သန်း (၃) သိန်းကျော်တို့ဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား (၁) သန်းကျော်တို့ ပါဝင်သည်။

“မြန်မာအပါအ၀င် တရားဝင် ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း (၁,၃၁၀,၆၉၀) ကို သက်တမ်း (၂) နှစ် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ကို တိုးမြှင့်ပေးလိုက်တယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရမှ ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ဦးသက်ခိုင်က ထိုင်းအစိုးရ ပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ပြောကြားသည်။

ထိုသို့ သက်တမ်းတိုးပေးခံရသူများမှာ ၂၀၀၇ ခု ဒီဇင်ဘာ (၁၈) ရက် ဆုံးဖြတ်ချက်အရ လက်မှတ်သက်တမ်း တိုးပေးခဲ့သူ (၃၈၂,၅၄၁) ဦး၊ ၂၀၀၉ ခု မေ (၂၆) ရက် ဆုံးဖြတ်ချက်၊ ၂၀၀၉ ခု ဇူလိုင် (၂၈) ရက် ဆုံးဖြတ်ချက်နှင့် ၂၀၀၉ ခု နိုဝင်ဘာ (၃) ရက် ဆုံးဖြတ်ချက်အရ သက်တမ်းတိုး နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုခဲ့သူ (၉၂၈,၁၄၉) ဦးတို့ဖြစ်သည်။

၎င်းတို့အနက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် အဆိုပါ သက်တမ်းတိုးကာလအတွင်း မြန်မာနိုင်ငံကူးလက်မှတ် လုပ်ဆောင်ထားကြရမည်ဖြစ်သည်။

မြန်မာအလုပ်သမားများအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ်လုပ်ကိုင်ရန် ငွေကြေးအခက်အခဲနှင့် ကြုံတွေ့နေရပြီး ထိုင်းနိုင်ငံရောက် တရားဝင်မြန်မာရွှေ့ပြောင်းအလုပ်သမား (၁) သန်း (၇) သောင်းခွဲကျော်တွင် ယာယီနိုင်ငံကူးလက်မှတ် လုပ်ထားပြီးသူ (၁) သောင်းခွဲသာ ရှိနေသေးသည်။

မြန်မာယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်ရန် မြန်မာစစ်အစိုးရက တရားဝင် သတ်မှတ်ပေးထားသော ထိုင်းကုမ္ပဏီ (၇) ခု ရှိနေပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်ခ ၀န်ဆောင်ကြေး အဆမတန် တောင်းခံနေခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်ရန် အခက်တွေ့နေခြင်းဖြစ်သည်။

“ပုံမှန်အားဖြင့် ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့က ထိုင်းပိုက်ဆံနဲ့ဆို မြန်မာဘက်ခြမ်းက ဘတ် (၁၀၀)၊ ထိုင်းဘက်က ဘတ် (၅၀၀)၊ ဓာတ်ပုံရိုက်တာ ဖောင်ဖြည့်တာနဲ့ဆို စုစုပေါင်း ဘတ် (၁,၀၀၀) လောက်ပဲ ကုန်ရမှာကို အခု ကုမ္ပဏီတွေက ယူနေတာက ဘတ် (၅,၀၀၀) ကနေ (၇,၀၀၀) လောက်ထိယူနေတော့ အလုပ်သမားတွေ မတတ်နိုင်ပါဘူး” ဟု ဦးသက်ခိုင်က ပြောကြားသည်။

ခေတ်ပြိုင်မှကူးယူဖော်ပြပါသည်။

Read More...

Monday, January 18, 2010

ရိုးတိုးရိပ်တိပ် မျှော်လင့်လာရတဲ့ အစုအပြုံလိုက် ပြန်ပို့မှု

(

ရိ



(၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် Bangkok Post မှ Sanitsuda Ekachi ရဲ့The looming prospect of massive deportation ကို ဘာသာပြန်ဆိုပါသည်။)

တကယ်လို့ အဖြေက “ကောင်းပါပြီ” ဆိုရင်တောင် ဘရုတ်သုတ်ခ ဖြစ်နေတဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား အခြေအနေဟာ သိပ်ပြီး ကောင်းလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဖြေက သိပ်ကြောက်စရာကောင်းတဲ့ “မရပါဘူး” ဆိုရင်တော့ ဒီဘရုတ်သုတ်ခအဖြစ်ဟာ ပိုပြီး ဆိုးဝါးလာပါလိမ့်မယ်။

ကျမပြောနေတာက ဆိုင်းငံ့ထားတဲ့ အိမ်နီးချင်းနိုင်ငံတွေက သန်းပေါင်းများစွာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမား တွေကို စနစ်တကျ၊ စည်းကမ်းတကျ ထိန်းချုပ်ဖို့ လုပ်ဆောင်နေတဲ့ အမျိုးသား စီမံဆောင်ရွက်မှုသစ်ရဲ့ ကန့်သတ်ကာလကို တိုးချဲ့ပေးဖို့၊ မပေးဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြောတာပါ။

အစိုးရက လွန်ခဲ့တဲ့နှစ်က လမ်းပေါက်တွေ ပွနေတဲ့၊ နယ်စပ်တလျှောက်က ထိုးဖောက်ဝင်ရောက် လာနေကြတဲ့ လော၊ ကဗ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင် ဝင်ရောက်နေမှုကို ရပ်ဆိုင်းပစ်လိုက်ဖို့ မျှော်လင့်ချက်နဲ့ နှစ်အလိုက် လုပ်ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်မှုကို ရပ်ပစ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလို မှတ်ပုံတင်ပေးနေမှုအစား သူတို့ရဲ့ မူလနိုင်ငံတွေက နိုင်ငံသားစိစစ်မှုကို လုပ်ပေး၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရမှာ ဖြစ်ပြီး အဲဒီ ရလာတဲ့ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမားတွေက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ကို လျှောက်ထားကြရမှာ ဖြစ်ပါတယ်။ တကယ်လို့ အလုပ်သမားတွေက နိုင်ငံသား စိစစ်မှုကို ကန့်သတ်ကာလဘောင်အတွင်း မီအောင်မလုပ်နိုင်ကြဘူးဆိုရင် အဲဒီအလုပ်သမားတွေဟာ အဖမ်းအဆီးခံ နိုင်ငံကို ပြန်ပို့ခံရမှာ ဖြစ်ပါတယ်။ အစိုးရက သူတို့ရဲ့ တောင်းဆိုမှုအတွက် သန်းပေါင်းများစွာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အချိန်ကာလ တနှစ်ပဲ ခွင့်ပြုခဲ့ပါတယ်။ အဲဒီကန့်သတ်ကာလဟာ အခုချိန်မှာ ကျမတို့နိုင်ငံရဲ့တံခါးကို လာခေါက်နေပါပြီ။

ကျမတို့ အခုကြုံတွေ့ရမယ့် အဖြစ်ကတော့ ၂ သန်းကျော်ရှိနေတဲ့ လူတွေကို အစုလိုက်အပြုံလိုက် ပြန်ပို့ရမယ့် အဖြစ်ပါပဲ။ ရွှေ့ပြောင်းနေထိုင်သူများ တရားမျှတမှု အစီအစဉ် (Migrant Justice Programme) ရဲ့ ညွှန်ကြားရေးမှူး အင်ဒီဟောလ် (Andy Hall) ရဲ့ အဆိုအရ ၇ဝဝဝဝ ကျော်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား တချို့ဟာ သတင်းတပတ်လောက်ပဲ လိုတော့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ကုန်ဆုံးတော့မယ့် သူတို့ရဲ့ အလုပ်သမားလက်မှတ်အရ အစုလိုက်အပြုံလိုက် တိုင်းပြည်ပြန်ပို့ခံရမယ့်အဖြစ်ကို ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ခန့်မှန်းခြေ ၉၃ဝဝဝဝ လောက်ရှိတဲ့ မှတ်ပုံတင်ပြီး အလုပ်သမားတွေအတွက်ကတော့ သူတို့ရဲ့ အလုပ်သမားလက်မှတ် သက်တန်းကုန်ဆုံးမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ပြီးရင် ဒီအဖြစ်နဲ့ ရင်ဆိုင်ကြရပါလိမ့်မယ်။

ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့ (International Organization for Migration) ရဲ့ အဆိုအရ ၂ဝဝ၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားကြတဲ့ အလုပ်သမားပေါင်း ၁,၁၇၄,၇၁၆ ဦး ရှိပါတယ်။ အဲဒီအလုပ်သမား ဦးရေရဲ့ ၈ဝ % ဟာ မြန်မာနိုင်ငံက ဖြစ်တဲ့အတွက် နိုင်ငံသား စိစစ်ရေးလုပ်ငန်းရဲ့ အောင်မြင်မှုဟာ မြန်မာနိုင်ငံပေါ်မှာ မူတည်နေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ကုန်လွန်ချိန်အထိ မြန်မာနိုင်ငံက လျှောက်ထားသူ ၅ဝဝဝ-၆ဝဝဝ လောက်ကိုပဲ စိစစ်ပေးနိုင်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံရဲ့ ကြိုးနီစနစ်နဲ့ ခြစားလောက်ကိုက်မှုတွေကြောင့် အရမ်းနှေးကွေးလှတဲ့ စိစစ်ဆောင်ရွက်မှု လုပ်ငန်းစဉ်ဟာ တခုတည်းသော အဟန့်အတား၊ အနှောက်အယှက်တော့လည်း မဟုတ်ပါဘူး။ လောနဲ့ ကဗ္ဘောဒီးယား နိုင်ငံတွေက နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် လျင်မြန်လာဖို့အတွက် သူတို့နိုင်ငံတွေက အာဏာပိုင်အရာရှိတွေကို ထိုင်းနိုင်ငံကို စေလွှတ်ပေးဖို့ သဘောတူညီထားခဲ့ပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံ ကတော့ အဲဒီလို စေလွှတ်ပေးဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ သူတို့က အလုပ်သမားတွေကို သူတို့ကိုယ်တိုင် မြန်မာနိုင်ငံထဲ ပြန်ဝင်ပြီး လုပ်ဆောင်ကြဖို့ ဒါမှမဟုတ် ပွဲစားတွေကတဆင့် လုပ်ဖို့ပဲ ပြောဆို တိုက်တွန်း နေပါတယ်။

အဲဒီနိုင်ငံကူးလက်မှတ်အတွက် ပေးသွင်းရမယ့် အခကြေးငွေကို ထိုင်းဘတ်ငွေ ၅ဝဝ အထိ လျှော့ချ ပေးလိုက်ပေမယ့် အလုပ်သမားတွေအတွက်ကတော့ သက်ဆိုင်ရာ တာဝန်ရှိအရာရှိတွေရဲ့ လက်မှတ်ကိုရဖို့ မတန်တဆပေးပြီး လုပ်နေကြရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လိမ်လည်လှည့်စားမှုတွေက များလှတဲ့ အတွက် အလုပ်သမား တော်တော်များများရဲ့ သူတို့ ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်း ရှာဖွေထားခဲ့ရတဲ့ လုပ်အားခငွေတွေဟာ ပွဲစားတွေရဲ့ လက်ထဲမှာ ဆုံးရှုံးရမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အရေးယူအပြစ်ပေးခံရမှာကို ကြောက်ရွံ့စိုးရိမ်မှုဟာလည်း အလုပ်သမားအတော်များများက အဲဒီနိုင်ငံသား စိစစ်ရေးလုပ်ငန်းနဲ့ ကင်းကင်းရှင်းရှင်း နေကြဖို့ ရွေးချယ်ရတဲ့ အကြောင်းတချက် ဖြစ်ပါတယ်။ ရွှေ့ပြောင်း အလုပ်သမား အများစုကြီးဟာ စစ်အစိုးရရဲ့ ရက်ရက်စက်စက်၊ ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်မှုအောက်ကနေ ထွက်ပြေးလာခဲ့ကြတဲ့ ရှမ်း၊ ကရင်နဲ့ မွန် တိုင်းရင်းသားလူမျိုးစုတွေ ဖြစ်ကြပါတယ်။ သူတို့က သူတို့ကိုယ်တိုင် မြန်မာနိုင်ငံထဲသွားပြီး စာရင်းပေးမယ်ဆိုရင် ပြည်တွင်းထဲမှာ နေထိုင်ကျန်ရစ်ခဲ့ကြတဲ့ သူတို့ရဲ့ မိသားစု တွေကို စစ်အစိုးရက အပြစ်ဒဏ်ပေးမှာ ခြိမ်းခြောက်ငွေညှစ်မှာကို စိုးရိမ်ကြောက်ရွံ့ကြပါတယ်။

ကန့်သတ်ချိန်ဟာ မအောင်မြင်နိုင်တော့တာကို သိတဲ့အတွက် နိုင်ငံခြားသား အလုပ်သမား စီမံကွပ်ကဲရေး ကော်မီတီ (Alien Workers Management Committee) က နိုင်ငံသား စိစစ်ရေးအတွက် ကန့်သတ်ချိန်ကို နောက်ထပ် ၂ နှစ် တိုးပေးဖို့ အစိုးရအဖွဲ့ရဲ့ သဘောတူခွင့်ပြုမှုကို တောင်းခံခဲ့ပါတယ်။ အစိုးရအဖွဲ့က အဲဒီ တောင်းဆိုမှုကို အခုထိ ဘာမှ မတုံ့ပြန်ခဲ့သေးပါဘူး။ ဒါပေမဲ့ အစိုးရအဖွဲ့ရဲ့ အဲဒီသဘောတူခွင့်ပြုမှုကရော တရားမဝင် အလုပ်သမားပြဿနာ နိဂုံးချုပ်ရေးကို လောက်လောက်လားလား အကူအညီ ဖြစ်စေ နိုင်ပါ့မလား။ အခု မြန်မာနိုင်ငံအစိုးရ အလုပ်လုပ်နေတဲ့ နှုန်းအတိုင်းဆိုရင် နောက်ထပ် အပိုဆောင်း ၂ နှစ်မှာ တရားဝင် အလုပ်လုပ်ခွင့် ရရှိရမယ့် မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား တသန်းလောက်ထဲက ၁၂ဝဝဝ လောက်ပဲ စိစစ်ခွင့်ပြုပေးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီကိစ္စကို ကျမတို့အနေနဲ့ ရယ်မောပစ်သင့်ပါသလား၊ ဒါမှမဟုတ် ငိုကြွေးသင့်ပါသလား။

တကယ်လို့ ထူးထွေအံ့မခန်း အဖြစ်မျိုးနဲ့ တွေ့ကြုံရပြီး အဲဒီအနှောင့်အယှက်၊ အဟန့်အတားတွေကို ဖယ်ရှားရှင်းလင်းပစ်နိုင်တယ် ဆိုရင်တောင် နောက်ထပ် အနိုင်ကျင့်၊ ခေါင်းပုံဖြတ်ခံရမှု မျိုးစုံ တွေ့ကြုံ ခံစားရနိုင်တဲ့ လူတသန်းကျော်လေက် တရားမဝင် ကျန်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

ငွေကြေး၊ သတင်းအချက်အလက်နဲ့ အရေးယူအပြစ်ပေးခံရမှာ ကြောက်ရွံ့မှုတွေကြောင့် အဲဒီလူတွေဟာ တရားဝင် ဖြစ်လာတဲ့အတွက် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို တွေ့မြင်နိုင်ကြလိမ့်မယ် မဟုတ်ပါဘူး။

စည်းမျဉ်းစည်းကမ်းသစ်က သူတို့ကို ၂ နှစ်တာ တရားဝင် အလုပ်လုပ်ဖို့ ခွင့်ပြုမှာဖြစ်ပြီး နောက်ထပ် ၂ နှစ်တာကာလ အလုပ်သမားလက်မှတ် သက်တမ်းတိုးခွင့်လည်း ရလာနိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေ လုပ်နေရတဲ့ ကျေးကျွန်လုပ်ငန်းမျိုးရဲ့ အခြေအနေတွေကနေ တိုးတက်ကောင်းမွန်လာမယ်၊ ဒါမှမဟုတ် သူတို့တွေကို ရဲက ခြိမ်းခြောက်ငွေညှစ်တာမျိုး ခံရသွားစေနိုင်တဲ့ အလုပ်ရှင်တွေက သူတို့ရဲ့ အထောက်အထား လက်မှတ်တွေကို သိမ်းဆည်းတာမျိုး ရှိနိုင်၊ မရှိနိုင် ဆိုတာကိုတော့ အာမခံချက် မရရှိနိုင်ပါဘူး။

မြန်မာနိုင်ငံမှာ အစိုးရရဲ့ ကောက်ကျစ်စဉ်းလဲ ရက်စက်မှုတွေ ဆက်ပြီး ဖြစ်နေသမျှတော့ မြန်မာနိုင်ငံက ပြည်သူတွေဟာ သူတို့တွေရဲ့ ဘဝနဲ့ အသက်တွေကို စွန့်စားပြီး နယ်စပ်ဖြတ်ကျော် အလုပ်လာလုပ် နေကြဦးမှာပါပဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ် ကတိမ်းကပါး ဖြစ်နေသေးသမျှ၊ ထိုင်းအာဏာပိုင် တွေကလည်း ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကို အလေးဂရုပြုဖို့ ငြင်းဆန်နေသေးသမျှ သာမန် ပြည်သူတွေဟာ နိုင်ငံရဲ့ မူဝါဒကျဆုံးမှုအတွက် အကြီးဆုံး အရှုံးသမားတွေ ဖြစ်နေကြရဦးမှာပဲ ဖြစ်ပါတယ်။

အသေအချာ အကြီးမားဆုံး အနိုင်ရမယ့် သူတွေဖြစ်တဲ့ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ထဲမှာ ခြစားလောက်ကိုက်မှုတွေ ရှိနေဦးမှာဖြစ်သလို၊ ဂိုဏ်းဖွဲ့လူကုန်ကူးမှုနဲ့ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်မှုတွေလည်း ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

(Ms.Sanitsuda Ekachi ဟာ Bangkok Post (Outlook) ရဲ့ လက်ထောက်အယ်ဒီတာ ဖြစ်ပါတယ်။)


Read More...

အလုပ်သမားရပိုင်ခွင့် အလုပ်သမားသမဂ္ဂများကသာ မြှင့်တင်နိုင်မည်

( ခေတ်ပြိုင်မှ ကူးယူဖော်ပြသည်။
ဇင်လင်း တင်ပြသည်

“စီးပွားရေးအခက်အခဲများသည် အလုပ်သမားဆန္ဒပြမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းတရပ်ဖြစ်ပါသည်။”
(၁၉၇၄ အလုပ်သမားဆန္ဒပြမှု စုံစမ်းရေးကော်မရှင် အစီရင်ခံစာ)

၂၀၁၀ ဇန်န၀ါရီ (၁) ရက်နေ့မှစ၍ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၌ တာဝန်ထမ်းဆောင်နေကြသည့် (လစာနှုန်းထား ၁၅,၀၀၀ ကျပ် မှ ၁၉၀,၀၀၀ ကျပ် အကြား ရရှိကြသော) အရပ်ဘက် အစိုးရ၀န်ထမ်း အဆင့် (၁၂) ဆင့်၏ လစာနှုန်းထားများကို ရာထူးအဆင့်မခွဲခြားဘဲ တပြေးညီ (၂၀,၀၀၀) ကျပ် တိုးမြှင့်ပေးမည်ဟု နေပြည်တော် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးရုံး ၀န်ကြီး ဗိုလ်ချုပ်လှထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ သို့သော် လူထုသို့ တရားဝင် သတင်းထုတ်ပြန်မှုမရှိ။ ကုန်ဈေးနှုန်း အဆမတန်တက်မှုကြောင့် လခစားဝန်ထမ်းများ ဒုက္ခရောက်နေချိန်တွင် ယခုကဲ့သို့ လစာတိုးလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၀၉ ဒီဇင်ဘာလအတွင်းမှာပင် ကုန်ဈေးနှုန်းဒဏ်မခံနိုင်၍ တပ်မ (၆၆) နှင့် (၇၇) တို့ အမိန့်မနာခံဘဲ ဆန္ဒပြမှုဖြစ်ခဲ့သေးသည်။ ထိုသို့ ပြဿနာပေါ်ပြီးနောက် လစာတိုးသည့် ဆောင်ရွက်ချက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

၂၀၀၆ ခုနှစ် ဧပြီလတွင်လည်း အလားတူ စီးပွားရေးကျပ်တည်းမှုပြဿနာကြောင့် လစာတိုးပေးခဲ့ရသည်။ ထိုစဉ်က လစာငွေ မလောက်ငသည့်အကြားမှ ၀န်ထမ်းများအား အတင်းအဓမ္မ နေပြည်တော်သို့ ပြောင်းခိုင်းသဖြင့် မကျေမနပ်ဖြစ်မှုကို ငြိမ်သွားအောင် လစာတိုးပေးခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုများရှိခဲ့သည်။ သို့သော် ထိုစဉ်က စက်ရုံအလုပ်ရုံ အတော်များများတွင် အလုပ်သမားများ လုပ်ခလစာ နည်းလွန်းခြင်းကြောင့် မကျေနပ်မှုများ ပေါ်နေချိန်ဖြစ်သည်။ ထိုစဉ်က စက်ရုံများတွင် လုပ်ခတိုးတောင်းသည့် ပြဿနာများကို တိုးတိုးကျိတ်ကျိတ် ဖြေရှင်းခဲ့ရသည်။

ထိုစဉ်က (၂၀၀၆ မေလမှ သြဂုတ်လအတွင်း) ရရှိသည့် ပြည်တွင်းသတင်း အချက်အလက်အချို့အရ စက်မှုဇုန်များတွင် အလုပ်သမားမကျေနပ်မှုပြဿနာ အများအပြား ပေါ်ပေါက်ခဲ့သည်။ သတင်းများအရ အစိုးရ၀န်ထမ်းများနှင့် စစ်မှုထမ်းများအား လစာတိုးပေးခဲ့သော်လည်း စက်ရုံအလုပ်ရုံအလုပ်သမားများကိုမူ လုပ်ခတိုးမပေးခဲ့သဖြင့် အလုပ်သမားဆန္ဒပြမှု ပြဿနာ ပေါ်ခဲ့ရသည်ဟု သိရသည်။ ထိုစဉ်က လက်လှမ်းမီသမျှ သတင်းအချက်အလက်အချို့ကို အောက်ပါအတိုင်းတွေ့ရသည်။

♦ ၂၀၀၆ ခုနှစ် မေလ (၂) ရက် - ကိုရီးယားအလုပ်ရှင်ပိုင်သည့် Myanmar Hae Wae Co. Ltd. စက်ရုံတွင် အလုပ်သမား (၉၀၀) ကျော် လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှုဖြစ်ပွားသည်။

♦ ၂၀၀၆ ခုနှစ် မေလ (၉) ရက် - လှိုင်သာယာစက်မှုဇုန် (၂) တွင်းသင်းအတွင်းဝန် ဦးထွန်းညိုလမ်းရှိ Cho Cho Co.Ltd. စက်ရုံမှ အလုပ်သမား (၂၀၀) ကျော် လုပ်ခတိုးမြှင့်ရေး၊ အချိန်ပိုလုပ်ခရရှိရေး၊ စက်ရုံမှ ဆန်, ဆီ, အခြေခံစားကုန် ရောင်းချပေးရေးတို့အတွက် ဆန္ဒပြတောင်းဆိုသည်။

♦ မေလအတွင်းမှာပင် လှိုင်သာယာစက်မှုဇုန် (၂) ဦးရွှေအိုးလမ်း MP အထည်ချုပ်စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှု ဖြစ်ပွားခဲ့သည်။

♦ အလားတူ ၂၀၀၆ ခုနှစ် ဇွန်လ (၁) ရက်၊ ထောက်ကြံ့ရှိ ကိုရီးယားအလုပ်ရှင်ပိုင်သည့် SEGYE အထည်ချုပ်စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ဖြစ်ပွားသည်။

♦ ၂၀၀၆ ခုနှစ် ဇွန်လ (၁) ရက်၊ SEGYE စက်ရုံအနီးရှိ၊ Daewoo Co.Ltd. ပိုင် အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမား (၂,၀၀၀) ကျော် ဆန္ဒပြမှု ဖြစ်ပွားသည်။ လုပ်ခတိုးမြှင့်ရေး၊ အလုပ်ချိန် (၈) နာရီသတ်မှတ်ရေး၊ အချိန်ပိုလုပ်ခရရှိရေး၊ နာမကျန်းခွင့်ရရှိရေးများ တောင်းဆိုသည်။

♦ ၂၀၀၆ ခုနှစ် ဇွန်လအတွင်း၊ လှိုင်သာယာစက်မှုဇုန်မှ စက်ရုံ (၁၄) ရုံ (အထည်ချုပ်စက်ရုံ ၈-ခု အပါအ၀င်) လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ဖြစ်ပွားသည်။

♦ အလားတူ လုပ်ခတိုးမြှင့်ရေးဆန္ဒပြမှု သာကေတစက်မှုဇုန် KSS စက်ရုံ၌ ဖြစ်ပွားသည်။

♦ ဦးတေဇပိုင်သည့် လျှပ်စစ်ပစ္စည်းထုတ်လုပ်သော စက်ရုံတွင်လည်း လုပ်ခတိုးမြှင့်ရေး ဆန္ဒပြမှု ပေါ်ပေါက်ခဲ့သည်။

♦ တောင်ဥက္ကလာ၊ မြင်သာ (၁၄) ရပ်ကွက် နှင်းဆီလမ်းရှိ မလေးရှားနှင့် ဖက်စပ်ကုမ္ပဏီ PW &GG ပိုင် ပရိဘောဂ စက်ရုံတွင်လည်း အလားတူ လုပ်ခတိုးမြှင့်ရရှိရေး ဆန္ဒပြမှုပေါ်ပေါက်ခဲ့သည်။

♦ အမှတ် (၁) စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ အမှတ် (၁) ပလတ်စတစ်စက်ရုံ (မြောက်ဥက္ကလာပ) နှင့် ပီနန်အိတ်ထုတ်လုပ်စက်ရုံများတွင်လည်း အလုပ်သမားများ အရေးဆိုမှုများရှိခဲ့သည်။

၂၀၀၆ ခုနှစ် ဧပြီလတွင် အစိုးရ၀န်ထမ်းများနှင့် စစ်မှုထမ်းများအား လစာတိုးပေးခဲ့သော်လည်း စက်ရုံအလုပ်ရုံ အလုပ်သမားများအား လုပ်ခတိုးမပေးခဲ့။ ထို့ပြင် ကုန်ကြမ်းဈေးမြင့်တက်၊ ဈေးကွက်တောင်းဆိုမှု ကျဆင်းသဖြင့် စက်ရုံများတွင် အလုပ်သမားလျှော့ချလိုခြင်းများ ရှိလာသည်။ စက်ရုံက အလုပ်သမားကို အလုပ်ဖြုတ်လိုလျှင် (၃) လစာ ပေးရမည်ဖြစ်၍ အလုပ်မဖြုတ်။ အချိန်ပိုမလုပ်ရသဖြင့် အခြေခံလစာသက်သက်ဖြင့် အလုပ်သမားမှာ မလောက်င။ နောက်ဆုံး အခြေအနေ ဆိုးလာသောအခါ အလုပ်သမားများ ကိုယ့်သဘောနှင့်ကိုယ် အလုပ်ထွက်ကြရသည်။

စစ်အစိုးရသည် ၁၉၉၀ လောက်မှစ၍ ဈေးကွက်စီးပွားရေးဟု ကြွေးကြော်သော်လည်း အလုပ်သမားအခွင့်အရေးကို အကာအကွယ်ပေးခြင်းမရှိသည့်အပြင် အလုပ်သမား ပြဿနာပေါ်တိုင်း အလုပ်ရှင်ဘက်မှသာရပ်ခဲ့သည်။ အလုပ်ရှင်များအား အကာအကွယ် ပေးခဲ့သည်။ စစ်အစိုးရက အလုပ်ရှင်များကိုယ်စားပြု ‘စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း’၊ ‘ကုန်ထုတ်လုပ်သူများအသင်း’၊ ‘ဆန်စက်ပိုင်ရှင်များအသင်း’ အစရှိသော အလုပ်ရှင်အကျိုးစီးပွား အကာအကွယ်ပေးသည့် အသင်းအဖွဲ့များ ဖွဲ့ခွင့်ပြုသော်လည်း အလုပ်သမားသမဂ္ဂများကိုမူ ဖွဲ့စည်းခွင့်မပေးချေ။ ထို့ပြင် အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခများ ဖြေရှင်းရေးတွင် လိုက်နာကျင့်သုံးရန် ဥပဒေစည်းမျဉ်း၊ မူဝါဒ စသည်ဖြင့် တိတိကျကျ ပြဋ္ဌာန်းထားခြင်းမရှိပေ။ အလုပ်ရှင်များက ငွေကြေးအင်အားဖြင့် အာဏာပိုင်တို့ကို လာဘ်ထိုးကာ အလုပ်သမားတို့၏ ရပိုင်ခွင့်များကို ပိတ်ပင် အနိုင်ယူလေ့ရှိသည်။ ထို့ကြောင့် အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ အလုပ်ရှင်များကမူ အာဏာပိုင်အဆင့်ဆင့်နှင့်ပေါင်းကာ အလုပ်သမားများကို ဖိနှိပ်၍ သူတို့အကျိုးအမြတ် တိုးပွားအောင်လုပ်နေကြသည်။

‘စက်မှုဇုန် စောင့်ကြည့်ကြီးကြပ်ရေးကော်မတီ’ များ ဖွဲ့ထားသော်လည်း မှန်မှန်ကန်ကန် တာဝန်ထမ်းခြင်းမရှိ။ ကော်မတီဝင်များက ထုံးစံအတိုင်း လာဘ်စားကာ တကယ့်ပြဿနာများကို ဖုံးဖိထားကြသဖြင့် အလုပ်ရှင်များအား စည်းမျဉ်းစည်းကမ်း ချိုးဖောက်ခွင့်၊ ထင်သလိုခြယ်လှယ်ခွင့် ပေးထားသကဲ့သို့ ဖြစ်နေသည်။ စစ်အာဏာပိုင်များက အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ပိတ်ပင်ထားသဖြင့် အလုပ်သမားများ မိမိတို့အခွင့်အရေး နစ်နာဆုံးရှုံးချက်များကို စနစ်တကျ တောင်းဆိုနိုင်ခြင်းမရှိသည်မှာ လက်ရှိအချိန်အထိဖြစ်သည်။

လက်လှမ်းမှီသမျှ ပြည်တွင်း စက်ရုံအလုပ်ရုံ အလုပ်သမားဆန္ဒပြမှုပေါင်း (၄၀) ခန့်မှ တောင်းဆိုချက်များအား အကြမ်းဖျင်းလေ့လာရာတွင် ယေဘုယျတူညီချက်များကို အောက်ပါအတိုင်းတွေ့ရသည်။

- တရက် ပုံမှန်အလုပ်ချိန် (၈)နာရီဖြစ်သော်လည်း နေ့စဉ် နာရီစုစုပေါင်း (၁၀) မှ (၁၂) နာရီ အလုပ်လုပ်ရခြင်း။

- နေ့ကြီးရက်ကြီးများ အပါအ၀င် နားရက်လုံးဝမရှိ အလုပ်လုပ်ရသော်လည်း အချိန်ပိုလုပ်ခ အပြည့်မရရှိကြခြင်း။

- ညလုံးပေါက် အချိန်ပိုဆင်းပေးရပြီး နောက်တနေ့ နားရက်မရဘဲ အလုပ်ဆက်ဆင်းရခြင်း။

- ဖျားနာလျှင် ခွင့်မရသည့်အပြင် ပျက်ရက်အတွက် လစာမှ ဖြတ်တောက်ခြင်း။

- ဖျားနာလျက်နှင့် အလုပ်ဆင်းရသဖြင့် အလုပ်ခွင် မတော်တဆထိခိုက်မှုများ ဖြစ်သောအခါ ဆေးဝါးကုသမပေးခြင်း။

- အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် အစိုးရတာဝန်ရှိသူများက စက်ရုံအလုပ်ရုံများကို ပုံမှန်စစ်ဆေးမှုမရှိခြင်း။

- စက်ရုံက စစ်ဆေးမည့်သူများအား လာဘ်ပေးထားသဖြင့် စစ်ဆေးမှုမရှိ၍ အလုပ်ခွင် ဘေးကင်းလုံခြုံမှုမရှိခြင်း။

- အလုပ်ကြပ်များနှင့် လုံခြုံရေးဝန်ထမ်းများအား အထူးအခွင့်အရေးပေးကာ အလုပ်သမားကို အကျဉ်းသားများသဖွယ် စည်းကမ်းတင်းကျပ်ထားခြင်း။

- အလုပ်ရုံကြီးကြပ်သူများ၏ ခွင့်ပြုချက်မရဘဲ အပြင်ထွက်ခွင့် အိမ်ပြန်ခွင့်မပြုခြင်း၊ အလုပ်ရုံအတွင်း အစာစားခြင်း၊ စကားပြောခြင်း၊ လူမှုရေးအရ အကူအညီပေးခြင်းများ မလုပ်ရ၊ လုပ်ပါက ပြစ်ဒဏ်သတ်မှတ် လုပ်ခဖြတ်တောက်ခံရခြင်း။

- ထို့ကြောင့် အလုပ်ကြပ်များနှင့် လုံခြုံရေးဝန်ထမ်းများ၏ အပြစ်ရှာဖိနှိပ်မှုများခံရခြင်း၊ မိမိတို့ ပြစ်ဒဏ်မလုပ်ဘဲ လုပ်သည်ဟု ရေးမှတ်ကာ လုပ်ခအဖြတ်ခံရခြင်း။

- သတ်မှတ်ထားသည့် ကုန်ထုတ်လုပ်မှုစံချိန်ပြည့်မီလျှင် အလုပ်သမားများအား ဆုကြေးအပိုဆောင်းငွေ ပေးမည်ဟု မက်လုံးပေးထားပြီး လက်တွေ့တွင် ကုန်ထုတ်စံချိန် ပြည့်မီသော်လည်း ယင်းအပိုဆောင်းငွေကို မပေးခြင်း။

- သာရေး၊ နာရေး၊ လူမှုရေးကိစ္စအတွက် တနင်္ဂနွေနေ့ အလုပ်အနားယူပါက ရသင့်ရထိုက်သည့် (Bonus) အပိုဆုကြေးငွေ မပေးခြင်း။ … စသည်ဖြင့် တွေ့ရသည်။

ထိုစက်ရုံအလုပ်ရုံ ဆန္ဒပြတောင်းဆိုကြရာတွင် ယေဘုယျတောင်းဆိုချက်များကို အောက်ပါအတိုင်း တွေ့ရသည်။

- အလုပ်ချိန် တနေ့ (၈) နာရီ သတ်မှတ်ရေး။

- ကုန်ဈေးနှုန်းနှင့် ဆီလျော်စွာ လုပ်ခတိုးမြှင့်ပေးရေး။

- အချိန်ပိုလုပ်ခ အပြည့်အ၀ရရှိရေး။

- အချိန်ပိုဆင်း အလုပ်သမားများအား ကြိုပို့ယာဉ် (Ferry Bus) စီစဉ်ပေးရေး။

- ညလုံးပေါက် အချိန်ပိုဆင်းပေးရလျှင် နောက်နေ့ အနားပေးရေး။

- တရားဝင် အစိုးရရုံးပိတ်ရက်များတွင် အလုပ်နားရက်အဖြစ် သတ်မှတ်ပေးရေး။

- တနင်္ဂနွေနေ့ကို အလုပ်နားရက် သတ်မှတ်ပေးရေး (သို့မဟုတ်) သီတင်းတပတ်လျှင် (၁) ရက် နားခွင့်ပေးရေး။

- ဖျားနာခွင့်ပေးရေးနှင့် ဆေးဝါးကုသမှု တာဝန်ယူရေး။

- ဖျားနာ၍ အလုပ်မဆင်းနိုင်သူ ရသင့်ရထိုက်သည့် (Bonus) အပိုဆုကြေးငွေ မဖြတ်တောက်ရေး။

- အလုပ်ခွင်မတော်တဆမှုကြောင့် အနာတရဖြစ်လျှင် ဆေးဝါးကုသမှု တာဝန်ယူရေး။

- အလုပ်ခွင်မတော်တဆမှုကြောင့် ကိုယ်အင်္ဂါချို့ယွင်းထိခိုက်လျှင် လျော်ကြေးရရှိရေး။

- အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် အစီအမံများ ထားရှိရေး။

- အလုပ်ရုံစက်ရုံကြီးကြပ်သူများ၊ လုံခြုံရေးဝန်ထမ်းများက အလုပ်သမားများအား ရိုင်းပျစွာဆက်ဆံမှု၊ ကိုယ်ထိလက်ရောက် စော်ကားမှုများ မပြုရေး။ … စသည်ဖြင့် အကြမ်းဖျင်းတွေ့ရှိရပါသည်။

ယခုလည်း အရပ်ဘက်အစိုးရ၀န်ထမ်း အဆင့် (၁၂) ဆင့်၏ လစာနှုန်းထားများကို ရာထူးအဆင့်မခွဲခြားဘဲ တပြေးညီ (၂၀,၀၀၀) ကျပ်စီ တိုးမြှင့်ပေးမည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ကုန်ဈေးနှုန်းတက်လာသည်ကို တွေ့ရသည်။ ‘လစာတိုးပေးခြင်း’ သည် ‘ဆေးမြီးတို’ မျှသာဖြစ်၍ ငွေကြေးဖောင်းပွမှုဒဏ်ကို ဆက်လက်ခံကြရတော့မည်။ အကျိုးဆက်အဖြစ် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန် (၂) ရှိ ပုစွန်အအေးခန်းစက်ရုံတရုံမှ အလုပ်သမား (၁၀၀) ခန့်သည် ဇန်န၀ါရီ (၇) ရက်နေ့က ‘လုပ်ခလစာတိုးရေး’ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းများအရ သိရသည်။ အဆိုပါစက်ရုံတွင် ထိုနေ့ နံနက် (၈) နာရီခန့်က အမျိုးသမီး (၁၀၀) ခန့် ဦးဆောင်၍ အချက် (၁၀) ချက်ပါသော အလုပ်သမားအခွင့်အရေးများကို ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ အမျိုးသမီးများက ဆန္ဒပြတောင်းဆိုနေချိန်၌ အလုပ်သမားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရှိန်နှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ လုံခြုံရေးတင်းကျပ်ထားခဲ့သည်။ ဆန္ဒပြရသည့် အဓိကအကြောင်းရင်းမှာ လစာငွေနည်းပါး၍ စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုကြောင့်ဖြစ်သည်။

အလားတူ ယခုလမှာပင် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန် (၃) ရှိ မလေးရှားအလုပ်ရှင်ပိုင် Wong Houng Hand အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမား (၁,၃၀၀) ကျော် ဆန္ဒပြမှုဖြစ်ခဲ့သည်။ အခြေခံအလုပ်သမားအခွင့်အရေး တောင်းဆိုချက် (၁၂) ချက် တောင်းထားသော်လည်း အခြေအနေမှာ မထူးခြားသေး စောင့်ကြည့်နေဆဲဟု အလုပ်သမားများက ဆိုသည်။ မြန်မာနိုင်ငံတွင် စက်ရုံအလုပ်သမားတဦးလျှင် အခြေခံလစာငွေ ကျပ် (၂) သောင်းမှ အမြင့်ဆုံး (၄) သောင်းအထိသာ ရရှိရာ အလုပ်သမားများအနေဖြင့် စားဝတ်နေရေးခက်ခဲမှုရှိသောကြောင့် အိုဗာတိုင်ကြေးရရန် အချိန်ပိုဆင်းကြရသည်။

ထို့အပြင် ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု မရရှိကြသော အလုပ်သမားများသည် အလုပ်ရှင်များ၏ အလွယ်တကူ အလုပ်ထုတ်ခံကြရမှုများရှိသည်။ အလုပ်သမားများကို အလုပ်ထုတ်လိုက်သော်လည်း ထိုက်သင့်သည့် လျော်ကြေးငွေပေးခြင်းမရှိသည်က များသည်။

တည်ဆဲ အလုပ်သမားဥပဒေများအရ တနေ့လျှင် အလုပ်ချိန် (၈) နာရီ၊ တပတ်လျှင် (၄၄) နာရီထက် ပိုပါက ထိုအချိန်ပိုကို အခြေခံလစာလုပ်ခ၏ (၂) ဆ တွက်ချက်ပေးရမည်ဖြစ်သည်။ ဤအခွင့်အရေးသည် ၁၉၂၃ ခုနှစ် အလုပ်သမားလျော်ကြေး ဥပဒေနှင့် ၁၉၅၁ ခွင့်ရက်နှင့် အားလပ်ရက်များ ဥပဒေတွင် ပြဋ္ဌာန်းအကာကွယ်ပေးထားခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် အလုပ်ရုံစက်ရုံများသည် အဆိုပါဥပဒေများကို လိုက်နာခြင်းမရှိကြပေ။

လက်ရှိအခြေအနေများအောက်တွင် အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှုများသည် ပို၍ တိုးများလာဖွယ်ရှိနေသည်ဟု အလုပ်သမားအရေး အကဲခတ်များက ထင်မြင်ယူဆကြသည်။ ‘၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ အလုပ်သမားအက်ဥပဒေ’ ပြင်ဆင်ချက်အရ တဆက်တည်း လုပ်သက် (၁၂) လရှိသော အလုပ်သမားတိုင်းသည် ပျမ်းမျှလစာလုပ်ခဖြင့် လုပ်သက်ခွင့် (၁ဝ) ရက်၊ ရှောင်တခင်ခွင့် (၆) ရက်၊ ဆေးခွင့် (၃၀) ရက် ခံစားခွင့်ရှိကြောင်းနှင့် အလုပ်ရှင်က ခွင့်ပြုရမည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ ဥပဒေမှာ ပြဋ္ဌာန်းထားသော်လည်း များသောအားဖြင့် ထိုခွင့်ရက်များကို အလုပ်သမားများ မခံစားကြရဟု လှိုင်သာယာစက်မှုဇုန်မှ အလုပ်သမားတို့က ဆိုသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံအလုပ်သမားများ၏ လတ်တလောအခြေအနေကိုကြည့်လျှင် တိုးတက်ကောင်းမွန်လာသည်ကို မတွေ့ရှိရ။ ဤသို့ဖြစ်ရသည်မှာ အလုပ်သမားထုအတွင်း အလုပ်သမားအခွင့်အရေးများကို ကာကွယ်ပေးနိုင်သည့် တရားဝင် အလုပ်သမားသမဂ္ဂများ မရှိသောကြောင့် ဖြစ်သည်။ စစ်အာဏာရှင်စနစ်က တရားဝင် အလုပ်သမားသမဂ္ဂဖွဲ့ခွင့် မပေးချေ။ နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၅၄ (ဂ) တွင်လည်း ̏ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အသင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်˝ ဟု ဆိုသည်။ သို့သော် ထိုဥပဒေတို့ကို စစ်ဗိုလ်များကသာ အနက်ဖွင့်ဆိုမည်ဖြစ်၍ အလုပ်သမားသမဂ္ဂဖွဲ့ခွင့် မရနိုင်ချေ။ ၂၀၁၀ ရွေးကောက်ပွဲကလည်း အလုပ်သမားရပိုင်ခွင့်ကို အာမခံမည်မဟုတ်ပေ။
ထို့ကြောင့် အလုပ်သမားအခွင့်အရေးကို အလုပ်သမားတို့ကိုယ်တိုင်သာ ကာကွယ်ဖို့ ကြိုးစားကြရပါလိမ့်မည်။ အလုပ်သမားအခွင့်အရေးဆိုင်ရာ ပြဿနာများကို အလုပ်သမားကိုယ်စားလှယ်များကိုယ်တိုင် ပါဝင်ဖြေရှင်းခွင့် မရသရွေ့ အလုပ်သမားတိုက်ပွဲများကား ဆက်လက်ဖြစ်ပွားနေပေမည်။ သို့ဆိုလျှင် တိုက်ပွဲရည်မှန်းချက်အောင်မြင်ရေးအတွက် ကျယ်ပြန့်သော အလုပ်သမားသမဂ္ဂကွန်ရက်များ ရှိဖို့လိုပါသည်။ အလုပ်သမားများကိုယ်တိုင် စနစ်ကျနသော မြေအောက်အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းနိုင်ရန် ပြင်ဆင်ကြရပါလိမ့်မည်။ အလုပ်သမားအခွင့်အရေးများကို အလုပ်သမားသမဂ္ဂများကသာ အမှန်တကယ် မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ။

Read More...

အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆို

(

အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆို

E-mail Print
နိုင်ငံခြားသား အလုပ်သမား အခွင့်အရေး အတွက် အကြံပြုစာ တစောင်တွင် ထိုင်းနိုင်ငံ အခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့ (NGO) ၃၆ ဖွဲ့က လက်မှတ် ရေးထိုးကာ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ထံသို့ ယနေ့ ပေးပို့လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ အလုပ်သမားရုံးတရုံးတွင် တွေ့ရသော နိုင်ငံခြားသား အလုပ်သမားများ (ဓာတ်ပုံ - thaivisa.com)

NGO အဖွဲ့များ ပေးပို့ လိုက်သည့် အိတ်ဖွင့် ပေးစာထဲ၌ ထိုင်းအစိုးရ အနေနှင့် နိုင်ငံခြားသား အလုပ်သမားများကို ထိုင်းနိုင်ငံမှ ပြန်လည် ထွက်ခွာစေမည် သို့မဟုတ် အလုပ် လုပ်ကိုင်ခွင့် လက်မှတ် သက်တမ်း ထပ်မံ တိုးပေးမည် ဆိုသည်ကို ကွဲကွဲပြားပြား သိလိုကြောင်း မေးခွန်း ထုတ်ထားသည်။

“ထိုင်း အစိုးရက ရွှေ့ပြောင်းအလုပ် သမားတွေကိုသူ့ နိုင်ငံက ထွက်ခွာ ခိုင်းပြီးမယ်၊ အလုပ် လုပ်ကိုင်ခွင့် ထပ်တိုး မပေးတော့ဘူး ဆိုတဲ့ မူဝါဒ အပြောင်းအလဲ ရှိမယ်ဆိုလို့ အရမ်း စိုးရိမ်နေပါတယ်” ဟု ၎င်း အိမ်ဖွင့် ပေးစာတွင် ရေးသားထားသည်။

ထိုင်းနိုင်ငံ အတွင်း တရားမဝင် ရောက်ရှိ နေထိုင်နေသည့် ပြည်ပ အလုပ်သမား များအား မှတ်ပုံတင်ပြီး အလုပ်လုပ်ခွင့် ပေးသည့် အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့သည်။

အဆိုပါ အလုပ်သမားမှတ်ပုံတင်ကို ပျမ်းမျှ တနှစ်တခါ သက်တမ်းတိုးပေးလျက် ရှိခဲ့သော်လည်း ယခုအခါ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့် သက်တမ်း ထပ်တိုးပေးရေးနှင့် ပတ်သက်၍ ထိုင်းအစိုးရက ယခုချိန်အထိ ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ညွန်ကြားရေးမှူး အင်ဒီဟောလ်က “ထိုင်းအစိုးရ အနေနဲ့ သူ့နိုင်ငံရဲ့ စီးပွားရေး လိုအပ်ချက်အရကော၊ လူအခွင့်အရေးပေါ် အခြေခံတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုံခြုံရေး အတွက်ပါ သူ့ရဲ့ အရင်မူဝါဒကို ထပ်တိုးသင့်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရွှေ့ပြောင်း အလုပ်သမား ၆၁၅၄၃ ဦး၏ အလုပ်လုပ်ကိုင်ခွင့်မှာ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၁.၄ သန်းခန့် ရှိသော ရွှေ့ပြောင်း အလုပ်သမားများ၏ အလုပ်လုပ်ခွင့်သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထိုင်းအစိုးရက မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အားလုံး၏ နိုင်ငံသား စိစစ်ရေးကိစ္စကိုလည်း ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား ပြုလုပ်ရန် တိုက်တွန်းထားသည်။

ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အလုပ်သမားများက ထိုင်း အလုပ်ရှင်၏ ထောက်ခံချက်နှင့်အတူ သက်ဆိုင်ရာ ဒေသ အလုပ်သမားရုံးသို့ တင်သွင်းရသည်။ သို့သော် လျှောက်လွှာကို ထိုင်း အလုပ်သမား ရုံးမှတဆင့် ဘန်ကောက်ရှိ မြန်မာ သံရုံးသို့ ပေးပို့ကာ မြန်မာနိုင်ငံသို့ နိုင်ငံသားစိစစ်ရန် ထပ်မံပို့ဆောင်ရကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ၂ နှစ် သက်တမ်းရှိသော အဆိုပါ ယာယီနိုင်ငံကူး လက်မှတ်ဖြင့် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်ခွင့်ရမည် ဖြစ်ပြီး ၂ နှစ် ပြည့်ပါက သက်တမ်း ထပ်မံတိုးနိုင်သည်ဟု သိရသည်။

မြန်မာနိုင်ငံ အပါဝင်၊ လော၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများကို ထိုင်းနိုင်ငံ အတွင်း ငါးဖမ်းလုပ်ငန်း၊ ပင်လယ် အစားသောက် ထုတ်လုပ်ရေးလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် အိမ်တွင်းမှုလုပ်ငန်းများ၌ တရားဝင် အလုပ်လုပ်ရန် သတ်မှတ်ပေးထားသည်။

ထိုင်းနိုင်ငံ အနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိ ရှိသည်ဟု သိရပြီး အလုပ်သမား အများစုမှာ အလုပ်သမား မှတ်ပုံတင်ဖြင့် တရားဝင် အလုပ်လုပ်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။

ဧရာဝတီမှ ကူးယူဖော်ပြသည်။

Read More...

Sunday, January 17, 2010

အမှုနှိုင်သည့် Vertical Point Garment မှ အလုပ်သမား များ ရောင်ခြည်ဦး ရုံး သို့ ပစ္စည်း များ လာရောက် လှူဒါန်း

၁၇.၁.၂၀၁၀ နေ့က Vertical Point Garment မှ အမှု နှိုင် သည့် အလုပ်သမားများ သည် ရောင်ခြည်ဦး ရုံး သို့ ပစ္စည်းများ လာရောက် လှူဒါန်းခဲ့သည်။ ထို အဖွဲ့ သည် လွန်ခဲ့သော ၆လခန့် က အလုပ်ရှင်အား အလုပ်သမား အခွင့်အရေးနှင့် အညီ တရားစွဲဆိုခဲ့ရာ ဇန်န၀ါရီ

၁၇ ရက် ၂၀၁၀ နေ့က လျော်ကြေးငွေ တဦး လျှင် ဘတ် ၅၅၀၀ ရရှိ သဖြင့် ရောင်ခြည်ဦး ရုံး သို့လာရောက် လှူဒါန်းခဲ့ ခြင်းဖြစ်သည်။



ချမ်းမြေ့ခင်

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By