" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Thursday, February 18, 2010

ကင်တာနာ ခရီးစဉ်အတွင်း အကျဉ်းသားများ အခွင့်အရေးတောင်း

ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ယနေ့ သွားရောက် လေ့လာ နေသည့် အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများက အကျဉ်းသားများ၏ အခွင့်အရေးအတွက် တောင်းဆို လိုက်သည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနာ သွားရောက်သည့် အင်းစိန် အကျဉ်းထောင် အနီး၌ လုံခြုံရေး ယူထားသည့် ရဲကားကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
အကျဉ်းသားများ ကိုယ်စားဟု ရေးသား ထားသည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရက်စွဲပါ အင်းစိန် ထောင်တွင်းမှ ပေါက်ကြား လာသည့် လျှို့ဝှက်စာတွင် အကျဉ်းသား များ၏ ကျန်းမာရေး၊ စာရေးသား ဖတ်ရှုခွင့် ရရှိရေး၊ ထောင်တွင်း လွတ်လပ်စွာ သွားလာနိုင်ရေး စသည့် အချက် ၅ ချက် ပါရှိသည်။

ယင်းစာတွင် “စာပေ ဖတ်ရှုခွင့် ပေးရန်၊ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့်၀၀ ရရှိရန်၊ ပိုမို ကောင်းမွန်သော အစား အသောက် ရရှိရန်၊ နိုင်ငံရေး အကျဉ်းသားများ ထောင်ပိတ်ချိန် ပြင်ပမှ လွဲ၍ ထောင်တွင်း လွတ်လပ်စွာ သွားလာခွင့် ရရန်၊ စာရေးသားခွင့် ပြုရန် တို့ကို ထောင်အာဏာ ပိုင်များထံ တောင်းဆိုသည်” ဟု ရေးသားထားသည်။

အဆိုပါ အကျဉ်းသား အခွင့်အရေးတောင်းဆိုသည့် စာ၌ မိသားစုများမှ သွင်းပို့သော စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်စသည်များကို ဆုတ်ဖြဲပယ်ဖျက်ခြင်း၊ ဖြတ်တောက်ခြင်း၊ သတင်းစာပုံမှန်မရရှိခြင်းများ အပါအ၀င် အကျဉ်းသားများအနေဖြင့် ထောင်တွင်း စာပေရေးသားလေ့ကျင့်ခွင့်၊ မိသားစုထံ စာရေးသားခွင့်များ မရရှိသကဲ့သို့ စာရွက်၊ ဘောလ်ပင်စသည်များကို လက်ဝယ်တွေ့ရှိပါက စစ်ခွေးတိုက်သို့ ပို့ဆောင်အရေးယူသည်ဟုလည်း ပါရှိသည်။

ထို့အပြင် အကျဉ်းသားများ စားသုံးရသည့် ထမင်းမှာလည်း ကြမ်းတမ်းပြီး ကျောက်ခဲများ စပါးလုံးများ ပါဝင်ခြင်း၊ ဟင်းများတွင်လည်း ပိုးကောင်များပါဝင်ခြင်း၊ မိလ္လာသန့်ရှင်းရေး စနစ်များ သန့်ရှင်းမှုမရှိခြင်း၊ နာမကျန်းဖြစ်ပါက ဆေးကုသခွင့်ရရှိရန် ခက်ခဲကြန့်ကြာသကဲ့သို့ ဆေးဝါးလုံလောက်မှုလည်း မရှိ ဟု စာထဲတွင် ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများအနေဖြင့် တနေ့တွင်၂နာရီသာ အပြင်ထွက်ခွင့်ရပြီး ကျန်အချိန်များတွင် အပြင်ထွက်ခွင့်မရသည်ကို လည်း ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ၎င်းစာသည် အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများထံမှ ရရှိခြင်း ဟုတ်မှန်ကြောင်း ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

သူ၏ အဆိုအရ မြန်မာနိုင်ငံ၏ ထောင်တွင်းရှိ အကျဉ်းသားများအတွက် အာဟာရပြည့်ဝကောင်းမွန်သော အစားအစာနှင့် ကျန်းမာရေး စောင့်ရှောက်မှုကောင်းများ အရေးတကြီး လိုအပ်နေသည်ဟု သိရသည်။

မစ္စတာ ကင်တာနာ ယနေ့နေ့လယ်ခင်း၌ သွားရောက်ခွင့်ရခဲ့သည့် အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်းသား ၄၀၀ ကျော်ရှိနေ သည်ဟု AAPP က ဆိုသည်။

မစ္စတာ ကင်တာနာ ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ဘူးသီးတောင်ထောင်သို့ သွားရောက်ခဲ့ရာ ၂၀၀၇ ခုနှစ်က လောင်စာဆီ ဈေးမြှင့်တင်မှုကို လမ်းလျှောက်ဆန္ဒပြခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

မြန်မာနိုင်ငံတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက ဖမ်းဆီးခံထားရသော သံဃာတော်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိသည်။

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှု ရှိရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးရန်လည်း ကင်တာနာ က တောင်းဆိုထားသည်။

သူ၏ အင်းစိန်ထောင်သို့သွားရောက်ခြင်း အပြီးတွင် မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၊ သတင်းစာဆရာကြီး ဦးဝင်းတင်အပါအ၀င် NLD အဖွဲ့ဝင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ထို့အတူ နေအိမ်အကျယ်ချုပ်ကျခံနေရသော နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့်ပေးရန် စစ်အစိုးရကို တောင်းဆိုထားသည်
ဧရာဝတီ မှကူးယူဖော်ပြသည်။

Read More...

[ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနာ သွားရောက်သည့် အင်းစိန် အကျဉ်းထောင် အနီး၌ လုံခြုံရေး ယူထားသည့် ရဲကားကို တွေ့ရစဉ် (ဓာတ်ပုံ - AP)]

မလေးရှားက နိုင်ငံခြားသား အလုပ်သမားများကို နှိမ်နင်း

မလေးရှား နိုင်ငံတွင် တနင်္ဂနွေနေ့က စတင်သည့် တရားမ၀င် အလုပ်သမားများအား နှိမ်နင်းမှု အတွင်း နက်ဂရီ ဆမ်ဘီလန် ပြည်နယ်ရှိ နိုင်ငံခြားသား ၁၁၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး ပီစယ်မွတ်စတာဖာက ပြောကြားလိုက်သည်။

ထိုပြည်နယ်တွင် အဖမ်းခံခဲ့ရသော နိုင်ငံခြားသားများ ထဲတွင် မြန်မာ ၁၃ ဦး၊ အင်ဒိုနီးရှား ၆၈ ဦး ပါဝင်ကြောင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ ဗီယက်နမ်၊ နိုင်ဂျီးရီးယား၊ နီပေါ နိုင်ငံသားတချို့လည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။ အဖမ်းခံရသူ အားလုံးမှာ အသက် ၂၂ နှင့် ၃၈ ကြား လူငယ်များ ဖြစ်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် မရှိခြင်း၊ နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့ကို လန်ဂန် ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ “အုကူတစ်” ဟု အမည်ဝှက်ပေးထားသော ဤစစ်ဆင်ရေးတွင် လူဝင်မှု ကြီးကြပ်ရေး အရာရှိ ၃၀ ပါဝင်ကြောင်း ညွှန်ကြားရေးမှူးက ပြောသည်။

သို့ရာတွင် အဖမ်းခံရသော မြန်မာအလုပ်သမားများအနက် အချို့တွင် နိုင်ငံကူးလက်မှတ် ရှိသည်ဟု သိရကြောင်း အလုပ်သမားအရေး လှုပ်ရှားသူတဦးက ဧရာဝတီသို့ ပြောပြသည်။

“ရဲတွေရောက်လာတော့ သူတို့က အထောက်အထား စာရွက်စာတမ်း ပြဖို့ ကြိုးစားတယ်၊ ဒါပေမယ့် ရဲက သူတို့ကို ရိုက်နှက်တယ်လို့ ကျမတို့ ကြားရတယ်” ဟု မလေးရှားနိုင်ငံရှိ ရွှေ့ပြောင်းအလုပ် သမားများအတွက် လှုပ်ရှားမှု ကွန်ယက် (Network for Action on Migrants in Malaysia) ၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး ပရနုမ်စုံဝမ်က ဆိုသည်။

ညှဉ်းပန်း နှိပ်စက်မှုများ ကျူးလွန်နေသော လန်ဂန် ထိန်းသိမ်းရေးစခန်းရှိ အဖမ်းခံရသူများ အခြေအနေနှင့် ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်နေကြသည်။

မြန်မာ ဒုက္ခသည် တဦးက “အဲ့ဒီ စခန်းမှာ အထိန်းသိမ်း ခံရဖူးတဲ့လူတွေ တော်တော်များများနဲ့ စကားပြောဖူးတာမို့ စခန်းထဲမှာ လူတွေ အရမ်း ပြည့်ကျပ်နေတယ်၊ ပြီးတော့ လူသစ်တွေကို အပြင်မှာ စောင်မပါဘဲ အိပ်ခိုင်းမယ် ဆိုတာ ကျနော် ပြောလို့ရတယ်” ဟု ဧရာဝတီသို့ ပြောပြသည်။

“လူ ၁၅၀၀ လောက် အတွက် အိမ်သာ ၈ လုံးပဲ ရှိတယ်၊ ပြီးတော့ အစားအစာလည်း ၀အောင် မကျွေးဘူး။ ကုလသမဂ္ဂက ဒုက္ခသည် အဖြစ် အသိအမှတ် ပြုထားတဲ့ လူတွေတောင် လွတ်ဖို့ ၃ လ ကြာတယ်” ဟု ၎င်းက ဆက်ပြောသည်။

မလေးရှား ပြည်ထဲရေး ၀န်ကြီးက သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အာဏာပိုင်များက မလေးရှားသို့ ၀င်ရောက်လာသော “နိုင်ငံခြားသားတဦးစီတိုင်း” ကို စောင့်ကြည့်နိုင်မည့် စနစ်တခု ဖန်တီးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဤစနစ်က တရားမ၀င် ၀င်ရောက်လာသူများကို “ကြောက်ရွံ့ပြီး တိုင်းပြည်က ချက်ချင်း ထွက်ခွာသွားစေမည့်” အခြေအနေ တခု ဖန်တီးပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြည်ထဲရေး ၀န်ကြီး ဒတု စီရိ ဟီရှမ်မွတ်ဒင် တွန် ဟူစိန်က ဆိုသည်။

ပြည်ထဲရေးဝန်ကြီး ပြောကြားသည့် နည်းလမ်းသည် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် သင့်လျော်သည့် နည်းလမ်းမဟုတ်ဟု အလုပ်သမားအရေး လှုပ်ရှားသူ ပရနုမ်စုံဝမ်က သူ့ထင်မြင်ချက်ကို ပြောပြသည်။

သူက “ကြည့်ရတာ အစိုးရက နိုင်ငံကူးလက်မှတ် ဒါမှမဟုတ်လည်း ဗီဇာရှိတဲ့သူ အပါအ၀င် နိုင်ငံခြားသားတိုင်းကို မလေးရှားမှာ မနေချင်အောင်၊ ကြောက်သွားအောင် လုပ်ထားချင်ပုံရတယ်။ ဒီလို အသုံးအနှုန်းမျိုးက ရဲတွေ နိုင့်ထက်စီးနင်း နှိမ်နင်းတာတွေ လုပ်နိုင်အောင်၊ အဲဒီလိုလုပ်လို့လည်း အပြစ်ပေးမခံရအောင် မီးစိမ်းပြသလို ဖြစ်နေတယ်” ဟု သူက ပြောသည်။

“မြန်မာအလုပ်အမားတွေက အရမ်းကို စိုးရိမ်နေကြတယ်။ ၀င်စီးတာတွေက နေ့တိုင်းလို ဖြစ်နေတာကိုး။ TV မှာလည်း အလုပ် သမားတွေကို အပြစ်ဖို့တဲ့ သတင်းတွေပဲ တနေကုန်လာနေတယ်။ အဲ့ဒီလိုလုပ်မယ့်အစား အလုပ်သမားတွေအတွက် အထောက် အထားစာရွက် စာတမ်းတွေ ရှိလာအောင် ဆောင်ရွက်ပေးဖို့ အစိုးရက အလုပ်ရှင်တွေကို ဖိအားပေးသင့်တယ်” ဟု သူက ဆက်ပြောသည်။

မလေးရှားအာဏာပိုင်များသည် တရားမ၀င် ၀င်ရောက်လာသူများအား နှိမ်နင်းရန် ယမန်နှစ်က စစ်ဆင်ရေး ၇၀၉၉ ကြိမ် ဆင်နွှဲခဲ့သည်။ ယင်းစစ်ဆင်ရေးများအတွင်း ၄၇၃၁၀ ဦး အဖမ်းခံခဲ့ရသည်။ ၂၆၅၄၅မှု မှာ တရားမ၀င် ၀င်ရောက်မှု ဖြစ်ပြီး ၈၆၅၅ မှုမှာ ဗီဇာသက်တမ်း ကုန်ဆုံးမှု ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ မှ ကူးယူဖော်ပြပါသည်။

Read More...

Tuesday, February 16, 2010

Comments (0) ဦးကောသလ္လ၏ မဲဆောက်တရားပွဲ ပရိသတ် သောင်းကျော်

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နိုင်ငံကျော် ဓမ္မကထိက ဓမ္မစေတီ ဆရာတော် ဘဒ္ဒန္တ ကောသလ္လ တရားဓမ္မ ဟောကြား သွားခဲ့ရာ ပထမနေ့ ဖြစ်သော ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မြန်မာတရားနာ ပရိသတ် ၁ သောင်းကျော် လာရောက် နာကြားသည်ဟု သိရသည်။

[မဲဆောက်မြို့ ပထမနေ့ တရားပွဲတွင် ဟောကြားရန် ဓမ္မစေတီ ဆရာတော် ဘဒ္ဒန္တ ကောသလ္လ ကြွလာစဉ် (ဓာတ်ပုံ - ဧရာဝတီ)]

မဲဆောက်မြို့ ပထမနေ့ တရားပွဲတွင် ဟောကြားရန် ဓမ္မစေတီ ဆရာတော် ဘဒ္ဒန္တ ကောသလ္လ ကြွလာစဉ် (ဓာတ်ပုံ - ဧရာဝတီ)

“ဒါတောင် လာချင်တဲ့ လူတိုင်းကို သွားမကြိုနိုင်ဘူးလေ။ ဆရာတော်က လူငယ်တွေ၊ အလုပ်သမားတွေ အတွက် ထေရ၀ါဒ ဗုဒ္ဓဘာသာကောင်း တယောက်ပီပီ နေတတ်ထိုင်တတ်ဖို့၊ တိုးတက်ရာ တိုးတက်ကြောင်း ဗဟုသုတတွေကို အသားပေးဟောသွားပါတယ်” ဟု တရားနာ တရားပွဲစီစဉ်ရာတွင် ပါဝင်သူ တဦးက ဆိုသည်။

သူတပါး တိုင်းပြည်တွင် လာရောက် အလုပ်လုပ်ကိုင်နေကြသော လူငယ်၊ လူရွယ်များ ဘာသာရေး ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အဆိုပါ တရားပွဲကို ကျင်းပ ပေးခြင်းဖြစ်ကြောင်း စီစဉ်သူများထဲမှ တဦး ဖြစ်သူ ဆရာပုက ဧရာဝတီသို့ ပြောသည်။ ဆရာပုသည် မဲဆောက်မြို့ရှိ ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူ တဦးလည်း ဖြစ်သည်။

ဆရာတော် ဘဒ္ဒန္တ ကောသလ္လသည် မြန်မာနိုင်ငံအနှံ့ အပြားနှင့် နိုင်ငံတကာသို့ လှည့်လည်ကာ တရား ဟောပြောသည့် ဓမ္မကထိက တဦးဖြစ်သည်။ ယခုတရားပွဲကို မြ၀တီမြို့မှတဆင့် လာရောက် ဟောပြော ခြင်းဖြစ်သည်။ မဲဆောက်မြို့တွင် နေ့လယ်ပိုင်း၌ တရားဟောပြီး မြ၀တီ သို့ ပြန်ကြွကာ ကျိန်းစက်သည်ဟု သိရသည်။

ဆရာတော်ကို ထိုင်းနိုင်ငံ ဘက်ခြမ်းမှ ဒကာ၊ ဒကာမများက မယ်တော်ကမ်းနဖူးသို့ ဓမ္မစကြာကား၂ စီးဖြင့် သွားရောက် ပင့်ဆောင်ကာ မဲဆောက်မြို့အနှံ့ လှည့်လည် အပူဇော်ခံခဲ့သည်ဟုလည်း သိရသည်။

“ရန်သူမျိုး ငါးပါးထဲမှာ မီးဘေး မင်းဘေး ဆိုတာ ပါပါတယ်။ ဒီမှာတော့ မီးမပြတ်လို့ မီးဘေးက လွတ်တယ်လို့ ပြောရင် ရပါတယ်” ဟု ဆရာတော်က ထည့်သွင်း ဟောကြားခဲ့ကြောင်း သိရသည်။

တရားပွဲအတွက် ထိုင်းအာဏာပိုင်များကိုပါ တရားဝင်အကြောင်းကြားပြီး ကျင်းပခဲ့သောကြောင့် အဖမ်းအဆီး မရှိဘဲ ငြိမ်းချမ်းစွာ တရားနာခွင့် ရကြသည်ဟု သိရသည်။ ဆရာတော်သည် ယနေ့ နေ့လယ်ပိုင်းတွင်လည်း ဒုတိယနေ့အဖြစ် ဆက်လက်ဟောပြောမည် ဖြစ်သည်။

အဆိုပါ တရားပွဲသည် “မဲဆောက်မြို့ဈေးမိသားစုနှင့် ကုသိုလ်တော် ဆန်လှူအသင်း” ၏ ပထမအကြိမ် ကျင်းပသော တရားပွဲဖြစ်သည်။

ပထမနေ့ တရားပွဲတွင် ရေစက်ချ အလှူငွေ ထိုင်းဘတ် ၇ သောင်းကျော် (ကျပ် ၂၁ သိန်းကျော်) နှင့် မြန်မာကျပ်ငွေ ၈သောင်းကျော် ရသည်ဟု ဆရာပုက ပြောသည်။

မဲဆောက်မြို့တွင် သိန်းနှင့်ချီသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင်လျက်ရှိသည်။
ဧရာဝတီ မှကူးယူဖော်ပြသည်။

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By