" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Monday, December 7, 2009

၇-၁၂-၀၉ ရက်နေ့ညက မဲဆောက်မြို့တွင်ကျင်းပသည့် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူ ယာဒက်၏ (၈၂)နှစ်မြောက် မွေးနေ့ပွဲတွင် လာရောက်သီဆိုဖျော်ဖြေခဲ့သည့် မြန်မာအဆိုတော် ဇော်ပိုင်နှင့်ရေဗက္က၀င်း တို့ကိုဒေသတွင်းရောက် မြန်မာနိုင်ငံသား(၈)ထောင်ခန့် လာရောက် အားပေးနေကြသည့် ဓါတ်ပုံမှတ်တမ်းများ။
ပုံ(၁)


ပုံ(၂)


ပုံ(၃)


ပုံ(၄)



ပုံ(၅)


Read More...

သေဆုံးခဲ့သူ ကျောင်းသူလေး၏ မိသားစုအား အထူးကုဆေးခန်းက တောင်းပန်ပြီ

မျိုးချစ်သူ / ၇ ဒီဇင်ဘာ ၂၀၀၉

ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း SSC ၌ ဆေးကုသရာမှ သေဆုံးခဲ့ရသော မခိုင်ရွှန်းလဲ့ရည်နှင့်ပတ်သက်၍ ၎င်း၏မိဘများအား ဆေးခန်းမှ မန်နေးဂျင်းဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင် စုစုပေါင်း (၄) ဦးက လာရောက်တောင်းပန်ကြပြီ ဖြစ်ကြောင်း ယနေ့ထုတ် ၀ီးကလီးအယ်လဲဗင်းဂျာနယ်တွင် ရေးသားဖော်ပြသည်။

အဆိုပါ သတင်းမှန်ကန်ကြောင်း၊ ၎င်းတို့ကို ကျေနပ်အောင် တောင်းပန်သွားကြောင်းနှင့် (၂) နာရီခန့် စကားပြောဆိုသွားကြောင်း မိသားစုက ပြောသည်။

“အခုလို လာရောက်တောင်းပန်တာကို ကျမတို့ကျေနပ်ပါတယ်။ တနိုင်ငံလုံးက သတင်းမေးတဲ့သူတွေ ဒီနေ့ထိ ရှိပါတယ်။ သူတို့တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။

SSC အနေဖြင့် မခိုင်ရွှန်းလဲ့ရည်၏ မိဘများကို လျော်ကြေးငွေ မည်မျှပေးခဲ့သည်ကိုမူ ၎င်းတို့က ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်သည် အောက်တိုဘာလ (၂၅) ရက်နေ့တွင် ဗိုက်နာသဖြင့် ရွှေဂုံတိုင် SSC ဆေးခန်းသို့ သွားရောက်ကုသခဲ့ရာ ဆရာဝန်က အူအတက်ရောင် ရောဂါဟု ထင်မြင်ယူဆကာ ခွဲစိတ်ကုသခဲ့ပြီးနောက် သွေးလွန်တုပ်ကွေးရောဂါ ပါလာသည်ဟု တာဝန်ကျဆရာဝန်ကပြောပြီး အောက်တိုဘာ (၂၇) ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုအတွက် ပြည်တွင်းမီဒီယာများက အကျယ်တဝင့် ဖော်ပြခဲ့ကြရာ အသက် (၆၀)်ဝန်းကျင်ရှိ ခွဲစိတ်အထူးကုဆရာဝန် ဦးကြည်စိုးအား ဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် (၅) နှစ် ပိတ်ပင်လိုက်သည်။

အထူးကုဆေးခန်းဖြစ်သော SSC ဆေးခန်းကိုလည်း မခိုင်ရွှန်းလဲ့ရည်မိသားစုထံ သွားရောက်တောင်းပန်ရန် ပြီးခဲ့သည့် ဒီဇင်ဘာ (၂) ရက်တွင် မြန်မာနိုင်ငံဆေးကောင်စီက အမိန့်ထုတ်ပြန်ခဲ့ပြီး (၃) ရက်မြောက်နေ့တွင် သွားရောက် တောင်းပန်ခြင်းဖြစ်သည်။

Read More...

Sunday, December 6, 2009

ဒူဘိုင်းရောက် မြန်မာလုပ်သားများ ဆက်လက်ရုန်းကန်ကြဦးမည်

နန်းဒေဝီ
သောကြာနေ့၊ ဒီဇင်ဘာလ 04 ရက် 2009 ခုနှစ် 14 နာရီ 03 မိနစ်


နယူးဒေလီ (မဇ္စျိမ) ။ ။ ရေနံဖြင့် ချမ်းသာနေသည့် အာရပ်စော်ဘွားများ ပြည်ထောင်စု - UAE နိုင်ငံ မြို့တော်ဒူဘိုင်းရှိ ကြယ်ငါးပွင့်ဟိုတယ်တွင် သန့်ရှင်းရေးအလုပ်ကို လုပ်အားခ နည်းပါးစွာဖြင့် လုပ်ကိုင်နေရသည့် ကိုနောင်ဝင်း (နာမည်ပြောင်း) သည် မြန်မာပြည် ပြန်ချင်သော်လည်း မိသားစု စီးပွားရေး နောက်ခံမရှိသဖြင့် အောင့်အီးကာ ဆက်လက် လုပ်ကိုင်ရဦးမည်ဟု ရင်ဖွင့်လေသည်။

“တလ ဒါဟန် (Dirhams) ၉၇၁ (ကျပ် ၁ သိန်း ၈ သောင်းကျော်) ရတယ်။ အားလုံးကို အိမ်ပို့တယ်။ တခါတလေ ဧည့်သည်ပေးတဲ့ tips လေးနဲ့ လိုအပ်တဲ့ အဝတ်အစား၊ ဈေးပေါတဲ့ ဟာလေးတွေ ဝယ်ဝတ်တယ်” ဟု သားသမီး ၃ ဦး၏ ဖခင်ဖြစ်သူ ၃၅ နှစ်အရွယ် ကိုနောင်ဝင်းက ရယ်မောရင်း ပြောဆိုသည်။

ပွဲဦးထွက် ပြည်ပအတွေ့အကြုံအဖြစ် ဒူဘိုင်းမြို့သို့ ရောက်ရှိနေသည့် သူက Grosvenor House ဟိုတယ်တွင် သန့်ရှင်းရေးအလုပ်ကို တနေ့လျှင် ၉ နာရီခွဲကြာ လုပ်ကိုင်နေရသော်လည်း အခက်အခဲမရှိကြောင်း စိတ်အားထက်သန်စွာ ပြောသည်။ “ကျနော့်သူဋ္ဌေးကလည်း ကျနော့်ကို သဘောကျတယ်။ အလုပ်တိုင်းကို ကျနော် လုပ်နိုင်တယ်။ ဘာမှ အခက်အခဲ မရှိဘူး” ။

Grosvenor House ဟိုတယ်နှင့် ၎င်းနှင့်ဆက်စပ်နေသည့် Le Meridien ဟိုတယ်တို့တွင် မြန်မာလုပ်သား ဦးရေ ၄၀ ထက်မနည်း ရှိနေပြီး၊ အများစုမှာ အောက်ခြေသိမ်း အလုပ်များဖြစ်သည့် သန့်ရှင်းရေး၊ ဧည့်ကြို၊ မီးဖိုချောင် အကူလုပ်သား စသည့် အလုပ်အကိုင်များ လုပ်ကိုင်နေကြသည်။

မြန်မာများ အပါအဝင် အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင် အစရှိသည့် နိုင်ငံသားများကို ဟိုတယ်က နေထိုင်ရန် အခန်းများ ပေးထားသည့်အပြင် စားသောက်ရေးအတွက်မူ မပူပင်ရကြောင်း သူက ဆိုသည်။

သို့သော် မြန်မာနိုင်ငံတွင် ဟိုတယ်အတွေ့အကြုံ ရင့်ကျက်သူဖြစ်ပြီး၊ လက်ရှိ မြို့တော်ဒူဘိုင်းရှိ Jumeriah Essex House ဟိုတယ်တွင် လာရောက်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး ဂျာ အတွက်မူ အစားအသောက်အတွက် အခက်ပွေနေရသည်။

“ဟိုတယ်က ကျွေးတဲ့အစားအစာကို မစားနိုင်ဘူး။ အမွှေးအကြိုင်တွေနဲ့ဆိုတော့ အစားအသောက် ခက်တယ်။ ကျန်တာ အားလုံးအဆင်ပြေတယ်” ဟု နှစ်စဉ်နှစ်တိုင်း မြန်မာပြည်ရှိ မိသားစုများထံ အလည်အပတ် ပြန်သွားလေ့ရှိသည့် သူက ပြောဆိုသည်။

အစ္စလာမ်နိုင်ငံအဖြစ် ကြေညာထားသည့် UAE နိုင်ငံမှ ဒူဘိုင်းပြည်နယ်ထဲတွင် ခရစ်ယာန်၊ ဟိန္ဒူ၊ ဆစ်ခ်နှင့် ဗုဒ္ဓဘာသာဝင်များလည်း နေထိုင်လျက်ရှိရာ သတ်မှတ်ထားသည့် ပွဲတော်နေ့ရက်များမှလွဲ၍ ဝတ်စားဆင်ယဉ်မှု ကန့်သတ်ထားခြင်း မရှိကြောင်း ဂျာက ပြောသည်။

“ဒီမှာက ဟိုတယ် ယူနီဖောင်း ဝတ်ရတယ်။ အပြင်ထွက်လည်း လွတ်လွတ်လပ်လပ်ပါပဲ။ ဒေသခံ အမျိုးသမီးတွေတောင် မျက်နှာဖုံးတာမျိုး မရှိဘူး။ ခေါင်းမြီးခြုံတာက လွဲလို့ပေါ့။ နေ့ထူးနေ့မြတ်နေ့ဆိုရင် ဟိုတယ်က နိုင်ငံခြားသား (အမျိုးသမီး) တွေကို တချောင်းကြိုးဝတ်တာတို့၊ စကပ်တအားတိုတာမျိုး မဝတ်ဖို့ ပြောရပါတယ်” ဟု သူက ဆိုသည်။

ဒူဘိုင်းမြို့တွင် ရောက်ရှိနေသည်မှာ ၇ နှစ်ကျော်ပြီဖြစ်သည့် ဂျာသည် အခြားကုမ္ပဏီများတွင် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ၃၀၀ ခန့်နှင့်အတူ ကုမ္ပဏီက ပေးထားသည့် Oasis Village တိုက်ခန်းဆောင်တွင် အတူတကွ နေထိုင်ရသည်။

“တယောက် တနေရာစီ အလုပ်လုပ်ကြတာ။ အများအားဖြင့်တော့ ဟိုတယ်၊ Mall တွေမှာ အရောင်းစာရေးတွေ လုပ်ကြတယ်။ ဆောက်လုပ်ရေးမှာ တချို့ လုပ်ကြတယ်” ဟု သူက ပြောသည်။

ရေနံဖြင့် ချမ်းသာကြွယ်ဝသည့် နိုင်ငံအဖြစ် UAE ကို လူသိများသော်လည်း မြို့တော်ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး မျှော်စင်ကြီး ဆောက်လုပ်မှု အပါအဝင် အိမ်မြေဆောက်လုပ်ရေး လုပ်ငန်းများ ကြီးထွားလာမှုကြောင့် နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံခန့် ကြွေးမြီပြဿနာဖြင့် လတ်တလော ရင်ဆိုင်နေရသည်။

အကျိုးဆက်အဖြစ် ဒူဘိုင်းရှိ ဖိလစ်ပိုင် အလုပ်သမား ၂ သိန်း ၅ သောင်းကျော်မှာ အလုပ်အကိုင် ဆုံးရှုံးမှုနှင့် ကြုံတွေ့ဖွယ်ရှိသဖြင့် အလုပ်အကိုင်အသစ်များ စီစဉ်ထားရန် လိုအပ်ကြောင်း ယမန်နေ့က ဖိလစ်ပိုင်မြို့တော် မနီလာမြို့ထုတ် Asia News သတင်းစာထဲတွင် ရေးသားထားသည်။

မြန်မာလုပ်သားများလည်း အလုပ်အကိုင်အတွက် စိုးရိမ်ပူပန်သော်လည်း ယနေ့ထိ အလုပ်ထုတ်ခံရသူ မရှိသေးကြောင်း မြန်မာများက ပြောဆိုကြသည်။

မြန်မာပြည်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီ အများစုကမူ ကာတာနှင့် ဒူဘိုင်းတွင် လုပ်ခလစာ နည်းပါးခြင်းနှင့် စီးပွားရေး ကျဆင်းလာခြင်းကြောင့် အလုပ်သမား ပို့ဆောင်သည့် လုပ်ငန်းများ ရပ်နားထားပြီး၊ စင်္ကာပူနှင့် မလေးရှားကိုသာ အပို့များနေသည်။

“အရင်ကတော့ ခေတ်စားတယ်။ မလုပ်တာ ၃ နှစ်ကျော်ရှိပြီ။ အရင်က တနှစ်ကို ၃၀ ကျော် ပို့တယ်။ ရတဲ့ လခတွေက နည်းတာနဲ့၊ အရင်ကလို ဟိုဘက်ကလည်း Demand (တောင်းဆိုမှု) မရတော့ဘူး” ဟု ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်ရှိ Royal Pole Star ကုမ္ပဏီမှ မန်နေဂျာက မဇ္စျိမကို ပြောသည်။

အလားတူပင် ထိုမြို့နယ်အတွင်း တည်ရှိသည့် Virtue International Limited မှ တာဝန်ရှိသူ တဦးကလည်း “ဒီလထဲမှာပဲ ဒူဘိုင်းကနေ ၁၀၀ ပြန်လွှတ်မယ်လို့ ဟိုဘက်က အေးဂျင့်က အကြောင်းကြားထားတယ်” ဟု ပြောသည်။

သို့သော် ယခုလ ပထမအပတ်အတွင်း မြန်မာလုပ်သား ၂၀၀ ကျော်ကို ဒူဘိုင်းမြို့မှ အေးဂျင့်များက လာရောက်၍ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကာ ရွေးချယ်သွားမည်ဟု ကျောက်တံတားမြို့နယ်ရှိ Danar ကုမ္ပဏီက ဆိုသည်။

“လျှောက်ထားတာက အများကြီးပဲ။ အမျိုးသား ၁၅၀ နဲ့ အမျိုးသမီး ၁၀၀ဘဲ ခေါ်မယ်။ လာမယ့်နှစ် မတ်လမှာလည်း နောက်ထပ်တသုတ် အင်တာဗျူး လာလုပ်ဦးမယ်။ အဓိက အင်္ဂလိပ်စကားတတ်ဖို့ လိုမယ်၊ ဉာဏ်စမ်းလေးတွေ ဖြေခိုင်းတာမျိုး ရှိမယ်” ဟု ထိုကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ရွေးချယ်ခံရသည့် အလုပ်သမားများက ဝန်ဆောင်ခအဖြစ် ကုမ္ပဏီသို့ အမေရိကန်ဒေါ်လာ ၁၂၀၀ စီ ပေးဆောင်ရမည်ဖြစ်ကာ ထိုထဲတွင် ဒူဘိုင်းအေးဂျင့်သို့ ပေးရမည့် ငွေကြေးနှင့် လေယာဉ်စရိတ်လည်း ပါဝင်ပြီးဖြစ်မည်ဟု သူက ဆိုသည်။

လွန်ခဲ့သည့် ၄ နှစ်ခန့်က ဒူဘိုင်းသို့ အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများကို သက်ဆိုင်ရာ ဒူဘိုင်း ကုမ္ပဏီများက လေယာဉ်စရိတ်များကို ကြိုတင်စိုက်ထုတ်ပေးခဲ့ပြီး၊ မြန်မာကုမ္ပဏီများက တဦးလျှင် ဝန်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၄၀၀ သာ တောင်းဆိုခဲ့သည်။

ဒူဘိုင်းရှိ မြန်မာလုပ်သားများကို သက်ဆိုင်ရာ ကုမ္ပဏီများက ၂ နှစ် တကြိမ်နှုန်းဖြင့် မြန်မာပြည်သို့ သွားရောက်လည်ပတ်ခွင့် ပြုသည့်အပြင် အလုပ်လုပ်ခွင့်ပါမစ် (WP) ကို ၃ နှစ် တကြိမ် သက်တမ်းတိုးပေးလေ့ရှိသည်။

“၂ နှစ် တကြိမ် သွားရင်တော့ သူတို့ စိုက်ပေးတယ်။ တနှစ်အတွင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားချင်ရင် ကုန်ကျစရိတ် သူတို့မပေးဘူး။ နာဂစ်တုန်းက မိသားစုနဲ့ အဆက်အသွယ်မရတော့ ကျနော့်ကို ပြန်ခွင့်ပေးတယ်။ လေယာဉ်စရိတ်လည်း ထုတ်ပေးတယ်” ဟု ကိုနောင်ဝင်းက ဆိုသည်။

“ကိုယ့်ဆန္ဒဆိုရင် ဒီမှာ မနေချင်ပါဘူး။ မိသားစုဝင်တွေနဲ့ ပြန်တွေ့ဖို့ နှစ်တိုင်း အိမ်ပြန်ချင်ပါတယ်” ဟု သူ့ဆန္ဒကို ပြောပြသည်။

ရရှိသည့် လုပ်အားခ နည်းသော်လည်း မြန်မာပြည်တွင် ကျန်ရစ်နေသည့် မိသားစုဝင်များ၏ စားဝတ်နေရေးနှင့် လက်ရှိ မြန်မာပြည်၏ တရိပ်ရိပ်တက်နေဆဲ ကုန်ဈေးနှုန်းကို အမီလိုက်နိုင်ရန် ကိုနောင်ဝင်း အပါအဝင် ဘဝတူ မြန်မာအလုပ်သမားများ ဒူဘိုင်းတွင် ဆက်လက်၍ ရုန်းကန်နေရဦးမည်သာ ဖြစ်သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

Read More...

ထိုင်းဘုရင် မွေးနေ့အတွက် မြန်မာအလုပ်သမားများလည်း လှူဒါန်း



Friday, 04 December 2009 18:43 ၀ါးရှီးဖော

ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ထိုင်းဘုရင်၏ ၈၂ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာအလုပ်သမားများ နှင့် ထိုင်းလူမှုအဖွဲ့ အစည်းများ ပူးပေါင်းပြီး ဘန်ကောက်မြို့ မဟာချိုင်အရပ်ရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် အလှူပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုပွဲကို ထိုင်းလူမှု အဖွဲ့အစည်း ၅ ဖွဲ့က ဦးဆောင် ကျင်းပသွားမည်ဖြစ်ကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်းမှ ဦးစိန်ဌေးက ဧရာဝတီသို့ပြောသည်။

ထိုင်းနိုင်ငံအနှံ့တွင် ရှိသော မြန်မာပြည်သား အများအပြားသည် ထိုင်းဘုရင်၏ မွေးနေ့ပွဲကို ဂုဏ်ပြုသည့် အနေဖြင့် ရောက်ရှိရာ နေရာအလိုက်၊ အဖွဲ့အစည်းအလိုက် စုပေါင်း၍ အခမ်းအနား အသီးသီး ပြုလုပ်လေ့ရှိသည်။

“ဘုန်းကြီးကျောင်းမှာ အလုပ်သမားတွေရဲ့ လုပ်အားနဲ့ရတဲ့ ငွေတွေကို လှူမယ်။ အစိုးရဌာနတွေကို ဖိတ်ပြီး အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဟောပြောပွဲလုပ်မယ်။ နောက်ပြီး ကျန်းမာရေးဌာနတွေကိုလည်း ဖိတ်မယ်။ အလုပ်သမားတွေကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို ဟောပြောမယ်” ဟု ဦးစိန်ဌေးက ပြောသည်။

ဟာပြောပွဲအစီအစဉ်များ အပြီးတွင်လည်း ထိုင်းအလုပ်သမား သမဂ္ဂ နှင့် ပူးပေါင်းပြီး ရပ်ကွက် သန့်ရှင်ရေး လုပ်ငန်းများကို စုပေါင်း ဆောင်ရွက် သွားမည်ဟု သူက ဆိုသည်။

“အလုပ်သမားတွေ သိသင့်သိထိုက်တာတွေ သိဖို့ရယ်၊ နောက်ပြီး အဓိက ပြဿနာကတော့ ထိုင်းရပ်ကွက်တွေမှာ နေတော့ သန့်ရှင်းရေးနဲ့ ပတ်သက်တာတွေ အမြဲတမ်း အပြောအဆို ခံရတယ်။ ဒီအတွက် ထိုင်းရပ်ကွက်လူကြီးတွေ သူတို့အပေါ် အကောင်းမြင်လာအောင်နဲ့ ထိုင်းဘုရင်ကြီးရဲ့မွေးနေ့မှာ ကုသိုလ်လည်းရအောင် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အလုပ်သမားတွေကို စုပြီး ဒီလိုပွဲမျိုး လုပ်ဖြစ်တာပါ” ဟု ၎င်းက ဆက်ပြောသည်။

ဘုရင်ကြီး၏ မွေးနေ့ အထိမ်အမှတ်အဖြစ် ချင်းမိုင်နှင့် မဲဆောက်မြို့ရှိ မြန်မာအလုပ်သမားများ၏ စုပေါင်း သွေးလှူပွဲများလည်း ရှိကြောင်း သိရသည်။

“ကျမတို့ အလုပ်သမားတွေ အနေနဲ့ ဘုရင်ကြီးရဲ့ မွေးနေ့ရောက်တိုင်း နှစ်စဉ် ဒီလို သွေးလှူဖြစ်ပါတယ်” ဟု ချင်းမိုင်မြို့တွင် အလုပ်လုပ်နေသော ရှမ်းတိုင်းရင်းသူ တဦးက ပြောသည်။

ထို့ပြင် မြန်မာ နာမည်ကြီး အနုပညာရှင်တချို့သည်လည်း ထိုင်းဘုရင်ကြီး၏ မွေးနေ့ပွဲတွင် နှစ်စဉ် လာရောက်ဖျော်ဖြေလေ့ရှိရာ ယခုနှစ်တွင်လည်း လာရောက် ဖျော်ဖြေမည်ဟု သိရသည်။

ထိုင်းနိုင်ငံ နေရာအနှံ့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားပေါင်း ၄ သန်းခန့် ရှိသည်ဟု အလုပ်သမားရေးရာ အဖွဲ့များ၏ အဆိုအရ သိရသည်။

ဘုရင်ကြီး၏ မွေးနေ့ပွဲကို နိုင်ငံတ၀န်းလုံးတွင် ရှိသော ထိုင်းပြည်သူများက ခမ်းနားစွာ ပြုလုပ်ပေးလျက်ရှိသည်။ ထိုင်း ဘုရင်ကြီးသည် အသက်အရွယ်အရ ကျန်းမာရေးချို့တဲ့နေသော်လည်း မနက်ဖြန်တွင် ကျရောက်မည့် ၎င်း၏ မွေးနေ့ပွဲသို့ ကိုယ်တိုင် တက်ရောက်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By