" *လူ့အခွင့်အရေးဆိုတာ မွေးလာကတည်းက လူတိုင်းရပြိးသားဖြစ်သည်။ အလုပ်သမားအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးဖြစ်သည်။ မိမိအခွင့်အရေးအတွက် မိမိကိုယ်တိုင်ပါဝင်တိုက်ယူမှရမယ်။ မညီမျှမှုနဲ့မတရားမှုဆိုတာအဆိုးရွားဆုံးအကြမ်းဖက်မှုပဲ။ အမှန်တရားနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်မှုဟာမြင့်မြတ်တယ်။ လွတ်လပ်ခွင့်သို့မဟုတ်သေခြင်းတရားသာငါ့ကိုပေးပါ။*"

Tuesday, November 24, 2009

မြန်မာ အလုပ်သမားများ အတွက် တရားဝင် စာသင်ကျောင်းများ ဖွင့်ခွင့်ပြုမည်


ထိုင်းနိုင်ငံရှိ မြန်မာရွှ့ပြောင်း အလုပ်သမားများ ပညာသင်ကြားရန် ပုဂ္ဂလိက စာသင်ကျောင်းများကို အာဏာပိုင်များက တရားဝင် ဖွင့်ခွင့်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စာသင်ကျောင်းများသည် ထိုင်း ပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်၍ဖွင့်လှစ်ရန် လွန်ခဲ့သည့်အပတ်က ပြုလုပ်သည့် အစိုးရ၀န်ကြီးများအစည်းအဝေးမှ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုင်း အာဏာပိုင်များ၏ ယခုအစီအစဉ်အသစ်ကို အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက ကြိုဆိုလိုက်သော် လည်း ကျောင်းဆရာ၊ ဆရာမများအတွက် အခက်အခဲရှိသည်ဟု ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် အခြေခံ လူ့အခွင့်အရေး ပညာပေးရေးကော်မတီ (GHRE) မှ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ပြောသည်။

“တရားဝင် ဖွင့်ခွင့်ရတာကတော့ ကောင်းတဲ့ လက္ခဏာဆောင်တယ်၊ ဒါပေမယ့် ကိုယ်တွေအတွက် နည်းနည်း အခက်အခဲရှိ တာက ဆရာ၊ ဆရာမတွေကို ရွေးတဲ့အခါမှာ အခက်အခဲရှိနိုင်တယ်လို့ထင်တယ်၊ ကိုယ်တွေကတော့ အဲဒါကိုပြန်ပြီးတော့ ထိုင်း ဥပဒေနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားပြီးတော့ ဆရာ၊ ဆရာမတွေကိုခန့်ဖို့ရှိတယ်”ဟု ကိုထူးချစ်က ပြောဆိုသည်။

GHRE အဖွဲ့သည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ်ကိုင်ရသည့် အခြေအနေများ ဖွံ့ဖြိုးမြင့်မားရေးအတွက် လုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။

ကျောင်းတရားဝင် ဖွင့်လှစ်ရေးအတွက် ကျောင်းအဆောက်အဦးအား သီးသန့်ဆောက်ရေး၊ ထိုင်းအစိုးရက ပြဌာန်းထားသည့် သင်ရိုးညွန်တမ်းအရ သင်ကြာရေး၊ ပညာအရည်အချင်း ရှိသော ကျောင်းဆရာ၊ ဆရာမများဖြစ်ရေး စသည့်အချက်များ ပါဝင်နေခြင်း ကြောင့် အခက်အခဲရှိကြောင်း သိရှိရသည်။

ထိုင်း -မြန်မာ နယ်စပ် မဲဆောက်မြို့ အခြေစိုက် Kwe Ka Baung စာသင်ကျောင်းမှ ဒါရိုက်တာ မန်းဗလစိန်ကလည်း ထိုင်းအစိုးရက ချမှတ်သည့် မူအရ ကျောင်းတည်ဆောက်ရန်အတွက် အခက်အခဲရှိသည်ဟု ဆိုသည်။

“ကျောင်းဟာ ကျောင်းနဲ့တူရမယ် ဆိုတဲ့အချက်က မြေကလည်း ဈေးကြီးတယ်၊ အခုပဲ မြေကြီးသွားကြည့်ပြီးတော့ ပြန်လာတယ်၊ မြေက တဧကကို ဘတ်ငွေ ၁၈ သိန်း ပေါက်ဈေးရှိတယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကပ်လျက်တည်ရှိသော မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရ စသည့် ထိုင်းနိုင်ငံ အတွင်းရှိမြို့ ၃ မြို့တွင်မြန်မာ ပြည်သား အလုပ်သမားများ၏ သားသမီးများ အတွက် ဖွင့်ထားသော စာသင်ကျောင်း အများအပြား ရှိကြောင်းသိရသည်။

“ဒီမဲဆောက်ဒေသမှာတင် ကျောင်းပေါင်း ၅၀ မှာ တက်နေတဲ့ ကျောင်းသားပေါင်းက ၁၂၀၀၀ လောက်ရှိတယ်”ဟု မန်းဗလစိန်က ပြောသည်။

မြန်မာ ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာရေးဌာန(BMWEC)၏ စာရင်းများအရ ကျောင်းပေါင်း ၆၂ ကျောင်းရှိသည် ဟု ဆိုသည်။ BMWEC နှင့် တရားဝင် အဆက်အသွယ် မပြုရသေးသည့် ကျောင်းတချို့လည်း ရှိသည်ဟု သိရသည်။

ချင်းမိုင်အခြေစိုက် Migrant Learning Center မှ ဒါရိုက်တာ ဒေါက်တာ သိန်းလွင်ကမူ ထိုင်းအစိုးရ၏ ယခုအစီအစဉ် ကို ကြိုဆိုလိုက်သည်။

“ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ကလေးတွေအတွက် တရားဝင် ခွင့်ပြုမယ်ဆိုတာ ဒါ ကောင်းတယ်၊ ဘာကြောင့် လဲဆိုတော့ ကလေးတွေက ထိုင်းကျောင်းလည်း မတက်နိုင်ကြဘူး၊ ဘာသာစကားမှာ အခက်အခဲရှိတယ်၊ မိဘတွေ ကိုယ်တိုင်က ထိုင်း ကျောင်းကို မသွားရဲဘူး၊ မိဘတချို့က လက်မှတ်မရှိလို့ လမ်းမှာ ရဲဖမ်းမှာစိုးလို့ စာသင် ကျောင်းတွေကို မသွားရဲဘူး အဲဒီအခက်အခဲ တွေရှိတယ်၊ ဒါကောင်းတဲ့အချက်ဖြစ်တယ်”ဟု ဒေါက်တာ သိန်းလွင်ကဆိုသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ် စုစုပေါင်း ၁ သန်းကျော် ရှိသည့်အနက် သုံးပုံ နှစ်ပုံမှာ မြန်မာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။

Read More...

Burma VJ ၂၀၀၉ ခုနှစ် အော်စကာဆုအတွက် ပဏာမ ရွေးချယ်ခံရ

Burma VJ ၂၀၀၉ ခုနှစ် အော်စကာဆုအတွက် ပဏာမ ရွေးချယ်ခံရ

ဆလိုင်းပီပီ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 19 ရက် 2009 ခုနှစ် 19 နာရီ 53 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများကို စစ်အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ပုံအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းတင် ရုပ်ရှင်ကားမှာ လာမည့်နှစ် အကယ်ဒမီဆုအတွက် ပဏာမ ရွေးချယ်ခံရပြီး အမည်စာရင်း တင်သွင်းထားခြင်း ခံရပြီ ဖြစ်သည်။

မြန်မာပြည်သူများ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဒီမိုကရေစီရေးအတွက် သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ပုံအကြောင်း မှတ်တမ်းတင် ရိုက်ကူးထားသည့် ရုပ်ရှင်ကားကို ၂၀၀၉ ခုနှစ်အတွင်း ပြသခဲ့ပြီး ယင်းကို ၂၀၁၀ ခုနှစ် အကယ်ဒမီဆုအတွက် ပဏာမ ရွေးချယ်ထားခြင်း ဖြစ်ကြောင်း အမေရိကန် ရုပ်ရှင်အနုပညာနှင့် သိပ္ပံအကယ်ဒမီအဖွဲ့ကြီး၏ အပြောအရ သိရသည်။

ဒါရိုက်တာ ဒင်းနစ် အင်ဒါးစ် အိုစ်တီဂါဒ် (Danish Anders Ostergaard) ရိုက်ကူးသော Burma VJ ရုပ်ရှင်ကားကို မှတ်တမ်းတင် ဇာတ်လမ်းရုပ်ရှင် (Documentary Feature) အမျိုးအစားအတွက် ပဏာမ ရွေးချယ်သော ဇာတ်ကား ၁၅ ထဲတွင် ထည့်သွင်းရွေးချယ်ထားသည်ဟု Beverly Hills ရှိ အကယ်ဒမီအဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာသည်။ အဆိုပါ ပဏာမ ၁၅ ကားကို ၈၂ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲအတွက် ဆက်လက်၍ မဲပေးရွေးချယ်သွားမည်။

Burma VJ မှတ်တမ်းတင် ဇာတ်လမ်းရုပ်ရှင်ကားသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲများအတွင်း သတင်းသမားများနှင့် အတိုက်အခံတို့ စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် စွန့်စားလှုပ်ရှားခဲ့ရပုံအကြောင်း အသားပေး ဖော်ပြရိုက်ကူးထားခြင်း ဖြစ်သည်။ ဤဆန္ဒပြပွဲကို နောင်တွင် `ရွှေဝါရောင်တော်လှန်ရေး´ ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဤမှတ်တမ်းတင် ရုပ်ရှင်ကားသည် ယခုအထိ ‘World Cinema Documentary Film Editing Award’, ‘Golden Gate Persistence of Vision Award’ အပါအဝင် နိုင်ငံတကာ ရုပ်ရှင်ဆုပေါင်း ၃၃ ခု ရရှိထားပြီဖြစ်ပြီး EFA Documentaire 2009 –Prix Arte အတွက်လည်း အမည်စာရင်း တင်သွင်းထားခြင်း ခံရပြီးဖြစ်သည်။

Burma VJ မှတ်တမ်းတင်ကားအတွက် ၈ဝ ရာခိုင်နှုန်းမျှသော ဗီဒီယိုကလစ်များကို ပေးပို့ခဲ့သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ထိုင်းဗျူရိုရုံး အကြီးအကဲ ဦးတိုးဇော်လတ်က ယခုကဲ့သို့ အကယ်ဒမီဆုအတွက် ပဏာမ ရွေးချယ်ခံရခြင်းအတွက် သူ့အနေဖြင့် ဂုဏ်ယူမိကြောင်း ပြောသည်။

''အခုတော့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေဟာ နိုင်ငံတကာ မီဒီယာတွေတင်မက ရုပ်ရှင်တွေထဲမှာလည်း အသားပေးဖော်ပြတာ ခံနေရပါပြီ။ ဒါဟာ မြန်မာနိုင်ငံတွင်း သတင်းအမှောင်ချမှု ရှိနေကြောင်း နိုင်ငံတကာအဆင့်မှာပါ သိရှိအောင် လုပ်ရေးအတွက် ကျနော်တို့ရဲ့ သန္နိဋ္ဌာန်ကို အောင်မြင်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးလိုက်တာပဲ ဖြစ်ပါတယ်'' ဟု ဦးတိုးဇော်လတ်က ပြောသည်။

ဤရုပ်ရှင်ကားသည် အော်စလိုအခြေစိုက် DVB ၏ ၂၇ နှစ် အရွယ်ရှိ လျှို့ဝှက်သတင်းထောက် ဂျိုရှူးဝါး (Joshua) အကြောင်း အခြေခံရိုက်ကူးထားခြင်း ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ မြို့တော်ဟောင်း ရန်ကုန်ရှိ လမ်းများပေါ်တွင် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ အုံကြွမှုအတွင်း ဗီဒီယို ကင်မရာ အငယ်စားကလေးများဖြင့် ရိုက်ကူးမှတ်တမ်းတင်ခဲ့သည်။

သူက မည်သို့မည်ပုံ မှတ်တမ်းတင် ရုပ်ရှင်ကို ရိုက်ကူးခဲ့ကြောင်းနှင့် ဤမှတ်တမ်းတင် ဗီဒီယိုရုပ်ရှင်များကို နိုင်ငံတကာ မီဒီယာများဖြစ်သော CNN, BBC, Aljazeera တို့မှတဆင့် ဂြိုဟ်တုမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှင့်ထုတ်ပေးခဲ့ပုံ အကြောင်းများကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။

''ညှဉ်းပမ်းနှိပ်စက်ခံရမယ့် အန္တရာယ်နဲ့ ထောင်သွင်းအကျဉ်းချခံရမယ့် အန္တရာယ်တွေ ရှိနေပေမယ့် မြန်မာနိုင်ငံက သတ္တိပြောင်မြောက်ပြီး ငယ်ရွယ်တဲ့ သတင်းထောက်တွေက တံခါးပိတ်ထားတဲ့ သူတို့နိုင်ငံက သတင်းတွေကို ပြည်ပကို ပေးပို့နိုင်အောင် စာနယ်ဇင်းလုပ်ငန်းရဲ့ အနှစ်သာရအတိုင်း နေထိုင်လုပ်ကိုင်ခဲ့ကြပါတယ်'' ဟု Burma VJ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ဗီဒီယိုသတင်းထောက် အများအပြားသည် ဆန္ဒပြပွဲအတွင်း လမ်းမများပေါ်တွင် ရိုက်ကူးမှတ်တမ်းတင်နေစဉ် မြန်မာနိုင်ငံ လုံခြုံရေးအဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်ဟု ဦးတိုးဇော်လတ်က ပြောသည်။

ဤရုပ်ရှင်ကား အမျိုးအစားအတွက် ကားပေါင်း ၈၉ ကားထဲမှ ပဏာမ ရွေးချယ်ခံခဲ့ရသော ၁၅ ကားမှာ “The Beaches of Agnes,” “Burma VJ,” “The Cove,” “Every Little Step,” “Facing Ali,” “Food, Inc.,” “Garbage Dreams,” “Living in Emergency: Stories of Doctors Without Borders,” “The Most Dangerous Man in America: Daniel Ellsberg and the Pentagon Papers,” “Mugabe and the White African,” “Sergio,” “Soundtrack for a Revolution,” “Under Our Skin,” “Valentino The Last Emperor,” and “Which Way Home,” တို့ ဖြစ်သည်။

ပဏာမ ရွေးချယ်ခံထားရသော ၁၅ ကားထဲမှ ၂ဝဝ၉ ခုနှစ် ထူးချွန်ရုပ်ရှင် အောင်မြင်မှု အကယ်ဒမီဆုအတွက် နောက်ဆုံးဆန်ခါတင် ၅ ကားကို မှတ်တမ်းတင်ရုပ်ရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဆက်လက်ရွေးချယ်မည်ဖြစ်သည်။

၈၂ ကြိမ်မြောက် အကယ်ဒမီဆုအတွက် ဤသို့ ဆန်ခါတင်ရွေးချယ်ခံရသော စာရင်းကို ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကြေညာမည်ဖြစ်သည်။ ဆုပေးပွဲကိုမူ မတ်လ ၇ ရက်နေ့တွင် လော့စ်အိန်ဂျလိစ်မြို့ Hollywood & Highland Center ရှိ ကိုဒတ်ဇာတ်ရုံ (Kodak Theatre) ကြီးတွင် ကျင်းပပေးအပ်မည်ဖြစ်သည်။

Read More...

Sunday, November 15, 2009

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ မဲဆောက် အမှိုက်ပုံ အလုပ်သမားများ ကို ကျမ်းမာရေး စောင့်ရှောက်လျှက်ရှိ

ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘန့်ဆောင်ခွဲ ဒေသရှိ အမှိုက်ပုံတွင် နေထိုင်သော အလုပ်သမားများအား ကျမ်းမာရေးစောင့်ရှောက်မှု များကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ လုပ်ကိုင်လျှက်ရှိ သည်။

အမှိုက်ပုံတွင် နေထိုင်မှု နှင်ပတ်သတ်ပြီး ကျမ်းမာရေး ဆိုးရွားစွာ ထိခိုက်လာနိုင် ကြောင်းကို သွားရောက်ကူညီလျှက်ရှိသော ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ကိုသက်ဝေဦးက ယခုလိုပြော ပြောသည်။

̏ ဒီအမှိုက်ပုံ မှာ နေထိုင်နေသူအများစု ဟာ အဆုတ်နှင့်ပတ်သော ရောဂါများ ၊ မသန့်ရှင်းရေကို သောက်သုံးခြင်း ၊ ရေကိုကျိုချက် မသောက်သုံးသောကြောင့် အသည်းရောဂါများ ၊ ယင် ၊ခြင် ၊နှင့် ကြွက်တို့မှ ကူးစက်မှုကြောင့် ဖြစ်နိုင်သော အခြားရောဂါများ (ဥပမာ ) ပလိပ်ရောဂါများ ရလာနိုင်ကြောင်းကာကွယ်ဆေးများထိုးခြင်း ဆေးဝါးများ သောက်သုံးခြင်းဟာ လုံးကာကွယ်နိုင်မှုတော့ မရှိပေမယ့် ဖြစ်ပွားမှုလျော့ကျလာဖို့ပဲ ရှိပါတယ် ဖြစ်နိုင်ရင်တော့ အမှိုက်ပုံမှာ ဆက်လက်နေထိုင်နေမယ်ဆိုရင်တော့ ရောဂါတွေ ဆက်ဖြစ်နေမှာပဲလေ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက်ကူညီပေးသွားမှာပါ ”

အမှိုက်ပုံတွင်နေထိုင်သော အလုပ်သမားခေါင်းဆောင် တဦးဖြစ်သူ ကိုပိန်က ယခုလိုပြောသည်။

̏ ဒီမှာနေလာတာတော့ ၅နှစ်လောက်ရှိပါပြီ လူဦးရေက ၁၀၀ကျော် နေတယ် လာရောက်စွန့် ပြစ်သော အမှိုက်တွေထဲ က ပစ္စည်းများ ကို တူးဆွရှာဖွေ ပြီး ပြန်လည်ရောင်းချပြီး စားရေး၊သောက်ရေး ၊ နေထိုင်မှု ကိစ္စ အဝဝကို ဖြေရှင်းနေကြရတယ်လေ တချို့ကတော့ တောင်ယာ အလုပ်တွေ ရံဖန်ရံခါ လိုက်လုပ်ပါတယ် အဓိက အလုပ်ကတော့ အမှိုက်ကောက်၊ အမှိုက်ပေါက် အလုပ်ပါပဲ ဒီ ၅ နှစ် အတွင်းမှာ အမှိုက်ထဲကပါတဲ့ ဆေးဝါးများ ၊ အစားအသောက်များ ၊ ကို စမ်းသပ်စားသုံးခြင်းကြောင့် သေဆုံးသူ တွေရှိတယ် ကင်ဆာရောဂါကြောင့် သေတာတွေ ၊ ရောဂါဖြစ်ပြီးသေတာတွေ ရှိခဲ့ပါတယ် အခုလို ကျွန်တော်တို့ကို ဆေးဝါးတွေ အခြားကျမ်းမာရေး စောင့်ရှောက်မှု တွေ လုပ်ပေးတဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကိုအရမ်းကျေးဇူးတင်မိသလို အခုလိုပဲ အခြားသူတွေကိုလဲ ဆက်လက်ကူုညီနိုင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ”

အမှိုက်ပုံအနီးတွင် Blue sky ဆိုသော စာသင်ကျောင်းတကျောင်းရှိ နေပြီး ကျောင်းသားပေါင်း ၉၇ ဦးစာသင်ကြားလျှက်ရှိသည်။

ကျောင်းဆရာဖြစ်သူ ကိုရဲလေးက ̏ကျွန်တော်တို့ကျောင်းမှာ ကျောင်းသားပေါင်း ၉၇ ယောက်ရှိတယ် အဓိက အမှိုက်ပုံက ကလေးတွေပါ အများစုပေါ့ဗျာ အခြားတောင်ယာလုပ်နေသူ သားသမီးတွေ လဲ ပါတာပေါ့ ကျမ်းမာရေးစောင့်ရှောက်မှု လာလုပ်ပေးတဲ့ အတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကို အရမ်းကျေးဇူးတင်မိသလို အသပညာပေးအစီအစဉ်တွေ လုပ်တဲ့အခါ ဝိုင်းဝန်းလုပ်ဆောင်သွားမှာပါ ကူညီပေးဖို့လဲ အသင့်ပါပဲ ဗျာ ”

ပြီးခဲ့သော ၂၀၀၇ခုနှစ်က ထိုအမှိုက်ပုံတွင် ဗုံးကွဲခဲ့ပြီး အလုပ်သမားတွေ ကိုဖမ်းဆီး၍ မြန်မာဘက်ခြမ်း ပြန်ပို့ဘူး သည်။

Read More...

မြန်မာဘာသာဖြင့် သြစတြေးလျ အသံလွှင်းဌာန က စတင်ထုတ်လွှင့်

သြစတြေးလျနိုင်ငံ မဲဘုန်းမြို့ ရေဒီယိုသြစတြေးလျ ABC အသံလွှင့်ဌာနက မြန်မာဘာသာဖြင့် အသံလွှင့်အစီအစဉ် ကို စတင်ထုတ်လွှင့်လိုက်ပြီ ဟု ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

ABC အသံလွှင့်ဌာန အမှုဆောင်ချုပ် ဖြစ်သူ မစ္စတာ Hanh Tran က ယခုလိုပြောသည်။

̏ မြန်မာဘာသာနှင့် စတင်အသံလွှင့်ဖို့ ဆုံးဖြတ်ရတာကလဲ မြန်မာနိုင်ငအပေါ် နိုင်ငံတကာက ပိုမိုစိတ်ဝင်စားလာခြင်းကြောင့် လဲ ဖြစ်သလို ၂၀၁၀ခုနှစ် ရွေးကောက်ပွဲနှင့်ဆိုင်သော ဗဟုသုတတွေ ရလာစေဖို့ ကိုရည်ရွယ် ထုတ်လွှင့်သီားတာဖြစ်တယ်”

အသံလွှင့်ချိန်များကတော့ မနက်(၅)နာရီခွဲ လှိုင်းတို မီတာ ၂၅ ကီလိုဟဒ် ၁၁၈၄၀နှင့် ၄၉ ကီလိုဟဒ် ၅၉၉၅၊ မနက်(၇)နာရီခွဲ လှိုင်းတို မီတာ ၁၆ ကီလိုဟဒ် ၁၇၆၆၅၊ ၃၁ ကီလိုဟဒ် ၉၇၃၀ နှင့် ည(၁၀)နာရီ လှိုင်းတို မီတာ ၂၅ ကီလိုဟဒ် ၂၂၉၈၀ တို့ဖြစ်ကြသည်။

ယခင်က အင်္ဂလိပ် ၊တရုတ် ၊အင်ဒိုနီးရှား ၊ခမာ ၊ ဗီယမ်နမ် ၊ ပြင်သစ် ၊ Papua New Guinea တို့ဖြစ်ကြပြီး ၊ ယခုအခါ မြန်မာ ဘာသာ ထပ်တိုး၍ ထုတ်လွှင့်သွားမည်ဟု မစ္စတာ Hanh Tran ကဆက်လက်ပြောသွားသည်။

Read More...

ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့
ရောင်ခြည်ဦး- အလုပ်သမားများအဖွဲ့ | Edit (Ycowa) Temples By